မာရှယ်ကို ချိန်လာတဲ့ ကာဆယ်၊ မန်ယူ တိုက်စစ်မှုး ပစ်မှတ်၊ ကွန်တီ၊ နီဗက်စ်တို့ နဲ့ ယနေ့ည မန်ယူသတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဝုဗ်အသင်းမှာ ပေါ်တူဂီသား ကွင်းလယ် ကစားသမား ရူဘန် နီဗက်စ်ကို ခေါ်ဖို့ ဦးစားပေး ပစ်မှတ်ထား လှုပ်ရှားနေပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်ထံ ပြန်ရောက်လာတာ ၅ လသာ ရှိသေးပေမယ့် ရာသီကုန် ခန့်အပ်မယ့် မန်ယူ မန်နေဂျာသစ်ဟာ သူ့ အကြိုက် မဟုတ်ရင် အသင်းပြောင်းဖို့ ရော်နယ်ဒိုက စဉ်းစားနေပါတယ်။

နယူးကာဆယ်အသင်းဟာ မန်ယူတိုက်စစ်မူှး မာရှယ်လ်ကို အဓိက ပစ်မှတ်ထားလာကြောင်း သိရပါတယ်။ တိုက်စစ်မှူး ဝီလ်ဆင်အနေနဲ့ ကာလရှည် အနားယူရမဲ့အခြေအနေကြောင့် နယူးကာဆယ်အနေနဲ့ တိုက်စစ်မှူး တစ်ဦးအရေးပေါ် လိုအပ်နေပြီး ဇန်နဝါရီမှာ အားဖြည့်သွားမှာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ခြေစွမ်း တည်ငြိမ်မှု အားနည်းနေတာကြောင့် ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာ မဟုတ်ဘူးလို့ လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ်က ပြောဆိုလိုက်ပါတယ်။ အားလုံးက ဆိုးလ်ရှားကိုပဲ ယခင်က ပြစ်တင်နေကြပေမဲ့ ကစားသမားတွေထံမှာလည်း တာဝန်ရှိကြောင်း ၎င်းက သုံးသပ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တတက် အနေနဲ့ မာရှယ်လ်နဲ့ ကာဗာနီတို့ နှစ်ဦးစလုံး ထွက်သွားခဲ့ရင် ပီအက်စ်ဂျီ တိုက်စစ်မှူး အိုက်ကာဒီနဲ့ ပြန်လည်အစားထိုးဖို့ စီစဉ်နေပါတယ်။ ပီအက်စ်ဂျီ ကလည်း ဘဏ္ဍာရေး ဟန်ချက် ညီမျှမှုရှိစေရန် အိုက်ကာဒီကို ရောင်းထုတ်ပြီး ငွေရှာသွားမှာပါ။

မန်ချက်စတာယူနိုက်တက် ကစားသမားတွေက အသင်းအနေနဲ့ ရန်နစ်အစား စပါးကို ရောက်သွားတဲ့ ကွန်တီကို ခန့်အပ်သင့်ခဲ့တာလို့ ဝန်ခံခဲ့ကြောင်း သိရပါတယ်။ မန်ယူ ကစားသမားတွေကအသင်းအနေနဲ့ ကွန်တီကို မခန့်ခဲ့တာ အမှားကျူးလွန်ခဲ့တာလို့ ယူဆနေကြကြောင်း နီးစပ်တဲ့ရင်းမြစ်တစ်ခုက The Sun ကို ဖွင့်ဟခဲ့တာပါ။

ဘောလုံးဝေဖန်သူ အဖြစ် ဆောင်ရွက်နေတဲ့ ဒန်နီမေးလ်က ဝုဗ်ကွင်းလယ်လူ ရူဘင်နီဗက်စ် အနေနဲ့ မန်ယူကို မပြောင်းဖို့ သတိပေးခဲ့ပါတယ်။ မန်ယူမှာထက်စာရင် ဝုဗ်မှာ နေတာက ဆုဖလားအောင်မြင်မှုရယူနိုင်ဖို့ နီးစပ်ကြောင်း ဒန်နီမေးလ် က မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ လင်ဂတ်အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လင်ဂတ်ဟာ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်ဖို့ ပုံမှန် ပွဲထွက်ခွင့် ရယူလိုနေတာပါ။