လူကာကူကြောင့် ဖလားနဲ့ ဝေးတာလို့ သုံးသပ်မှု၊ ကန်တီ၊ ဘာကလေ၊ သီယေဂိုတို့နဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က နည်းပြ တူချယ်အနေနဲ့ လီဗာပူးနဲ့ပွဲမှာ တိုက်စစ်မှူး လူကာကူကို ချန်လှပ် လိုက်တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ အခွင့်အရေး နည်းပါးသွားပြီလို့ သုံးသပ် လိုက်ပါတယ်။
နည်းပြ တူချယ်က ချက်စတာဖီးနဲ့ ပွဲမှာ ပွဲထွက်ကစား ခြေစွမ်းပြခဲ့တဲ့ လူငယ်လေး လူးဝစ် ဟောလ် က ထရိန်နင်မှာ နှုတ်နည်းသူ ဖြစ်လို့ ပွဲပြီးအင်တာဗျူးမှာ မေးလို့ရော ရရဲ့လားလို့ အရွှန်းဖောက် နောက်ပြောင်ခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်က သူ့အနေနဲ့ ကွင်းလယ်လူ ဘာကလေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးရခြင်း မရှိသေးကြောင်း၊ ဒါက ဘာကလေ ဘာလိုချင်သလဲ ဆိုတဲ့ အပေါ်လည်း မူတည်ကြောင်း၊ ဘာကလေ အနေနဲ့ အက်ဖ်အေ ဖလားပွဲစဉ်မှာ ပွဲထွက်ခွင့်ရနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီး နောက်ခံလူ မာလန်ဆားကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် ကလပ် တွေ ဖြစ်ကြတဲ့ ဝက်စ်ဟမ်းနဲ့ ဝက်ဖို့ဒ်တို့က အပြိုင် ကြိုးပမ်းလျက် ရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီးအနေနဲ့ မာလန်ဆားကို အတွေ့အကြုံ ပိုရအောင် အငှားချဖို့ စီစဉ်နေတာပါ။
ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ အဲဗာတန်နောက်ခံလူ ဒစ်ဂ်နေးကို ပရီးမီးယားလိဂ်ကလပ် ဗီလာကလည်း စိတ်ဝင်စား လာခဲ့ပြီ ဖြစ်ပါတယ်။ ဒစ်ဂ်နေးအနေနဲ့ အသင်းကနေ ထွက်ခွာချင်ကြောင်း အဲဗာတန် နည်းပြ ဘင်နီတက်ဇ် ကိုယ်တိုင် က ဖွင့်ဟထားခဲ့တာပါ။
ချဲလ်ဆီးအနေနဲ့ အက်သလက်တီကိုကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဆောနီဂွတ်ဇ် အတွက် ပေါင်သန်း ၃၀ ပေးချေဖို့ တွန့်ဆုတ်နေပါတယ်။

ချဲလ်ဆီးကစားသမားဟောင်း ဂျိုလ်ကိုးက ကွင်းလယ်လူ ကန်တီ ဟာ ဘလွန်းဒီအော ဆုကို ရရှိခဲ့သင့်တာဖြစ်ကြောင်း၊ ကန်တီဟာ အသင်းအပေါ် လွှမ်းမိုးမှုကြီးမားသူဖြစ်ကြောင်း၊ နောက်ပြီး ကန်တီဟာ ချဲလ်ဆီးနဲ့လည်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီး နောက်ခံလူ သီယာဂိုဆေးလ်ဗား က ကိုဗစ်ကူးစက်မှုကနေ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် သီယာဂို ဆေးလ်ဗား ဟာ မန်စီးတီး၊ စပါးတို့နဲ့ ယှဉ်ပြိုင်မဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ရှိနေပါတယ်။