ဂန်းနားတို့ ရှုံးပွဲ၊ ချီးကျူးနေကြတဲ့ ဖာမီနို ဂိုး၊ မန်ယူနဲ့ ပွဲကြို ဂျရတ် ပြောစကားနဲ့ ယနေ့ နံနက်ခင်း သတင်းများ
မနေ့ညက ကစားခဲ့ကြတဲ့ အက်ဖ်အေ တတိယအဆင့်ပွဲစဉ်တွေမှာ စပါး၊ လီဗာပူးလ်၊ ချဲလ်ဆီး၊ အဲဗာတန် စတဲ့ ပရီးမီးယားလိဂ် အသင်း အများအပြား နိုင်ပွဲကိုယ်စီ ရယူနိုင်ခဲ့ကြပြီး အာဆင်နယ် တစ်သင်းထဲသာ နော့တင်ဟမ် ဖောရက်စ်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ရကြောင်း သတင်းရရှိပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီတစ်ယောက် လက်ရှိ ကလပ်နဲ့သာ ဆက်လက် ပူးပေါင်းလိုနေကြောင်း နည်းပြဖြစ်သူ ရန်းဂ်နစ်က ပရိသတ်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်ကတော့ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ တိုက်စစ်မှူး အန်ကီတက်ချ်ကို ဝေဖန်ခဲ့ပြီး အန်ကီတက်ချ်ရဲ့ လှုပ်ရှားမှုတွေက အလွန် ညံ့ဖျင်းခဲ့ကြောင်း၊ အန်ကီတက်ချ် အနေနဲ့ အခွင့်အရေးတွေကို အသုံးချမှုမှာလည်း အားနည်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဗန်နီဇီယာနဲ့ ပွဲစဉ်မှာ အေစီမီလန် အသင်းအတွက် မိုဗစ်တစ်ယောက် မတူညီတဲ့ အသင်းပေါင်း ၈၀ကို ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကို ရယူနိုင်ခဲ့ပြီး အသင်းကလည်း အဝေးကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အက်စ်တွန်ဗီလာအသင်းနည်းပြ ဂျာရတ်ကတော့ ၎င်းရဲ့ ပွဲထွက်ကစားသမားတွေကို အနားပေးသွားမှာ မဟုတ်ပဲ မန်ယူအသင်းနဲ့ ကစားရမယ့် အရေးကြီးပွဲစဉ်အတွက် အသင့်ပြင်ဆင်ခိုင်းထားကြောင်း ပရိသတ်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းကို ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ၃-၄ နဲ့ အရေးနိမ့်ခဲ့ရတဲ့ ပွဲအပြီးမှာတော့ ရိုးမားအသင်း နည်းပြ မော်ရင်ဟိုက ၎င်းအသင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းပုံတွေကို ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီး ဂိုးသမားမန်ဒီကတော့ ကိုဗစ်ကူးစက်ခဲ့လို့ ဆီနီဂေါရဲ့ အာဖရိဖလားပြိုင်ပွဲအဖွင့်ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒုတိယဂိုးသမား ဂိုမစ်ကလည်း ကိုဗစ်ကူးစက်ထားလို ဆီနီဂါအနေနဲ့အဖွင့်ပွဲစဉ်ကို တတိယဂိုးသမားကို အသုံးပြုရဖွယ် ရှိနေပါတယ်။
လီဗာပူးလ် ပရိသတ်တွေကတော့ မနေ့ညက ရှရူးဘယ်ရီနဲ့ အက်ဖ်အေပွဲစဉ်မှာ နောက်ပေါက်ကန်သွင်းချက်နဲ့ လှလှပပ သွင်းယူခဲ့တဲ့ ၎င်းတို့တိုက်စစ်မှူး ဖာမီနိုရဲ့ သွင်းဂိုးအပေါ် ကျေနပ်အားရနေကြပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပြန်လည် မျှဝေနေကြပါတယ်။

နယူးကာဆယ် အသင်းဟာ ဘန်လေ အသင်းတိုက်စစ်မှူး ခရစ်ဝုဒ်ကို ခေါ်ယူဖို့အတွက် ချဉ်းကပ်မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။
ဗီလာနည်းပြ ဂျရတ်ကတော့ မန်ယူနည်းပြရန်နစ်အနေနဲ့ သူ့ အတွေးအခေါ်အတိုင်းအသင်းကိုတည်ဆောက်ဖို့ အချိန် လိုအပ်ကြောင်း၊ မန်ယူရဲ့ရလဒ်တွေကို ခွဲခြမ်းကြည့်မယ် ဆိုရင် လူတွေ ထင်နေသလို အဆိုးရွားကြီး မဟုတ်တာ တွေ့နိုင်ကြောင်း၊ မန်ယူဟာ အသင်းကောင်း တစ်သင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။