နာမည်ကြီး ကြယ်ပွင့် မဟုတ်ပေမယ့် အဓိကပစ်မှတ် တိုက်စစ်မှုးအတွက် ပေါင် သန်း ၁၅ဝ ထိ သုံးမယ့် အာဆင်နယ်
အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် ကို အရ ခေါ်ယူ နိုင်ဖို့ အတွက် စုစုပေါင်း ပေါင် သန်း ၁၅၀ အထိ ကုန်ကျ သွားဖို့ ရှိနေပါတယ်။
အာဆင်နယ် နည်းပြ မီခေးလ် အာတီတာ က အထောင် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ အဓိက ပစ်မှတ် ထားနေပြီး ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် ကို ပထမဦးစားပေး ခေါ်ယူမယ့် ကစားသမား စာရင်းမှာ ထည့်သွင်းထားပါတယ်။
အာဆင်နယ် က အဲဗာတန် တိုက်စစ်မှူး ကယ်ဗက်လီဝင် ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အင်္ဂလန်သားကို ဇန်နဝါရီ မှာ ခေါ်ယူနိုင်ဖို့ ဆိုတာက ခက်ခဲပါတယ်။ ဗလာဟိုဗစ် ကို ခေါ်ယူချင်နေကြတဲ့ အသင်းတွေထဲမှာ အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် တော့တင်ဟမ်လည်း ပါဝင်နေပါတယ်။

အာဆင်နယ် အသင်းဟာ ဆားဘီယား လက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ် အတွက် ပြောင်းရွှေ့ကြေး အနိမ့်ဆုံး ပေါင် ၅၈ သန်း ပေးချေ ရဖို့ ရှိနေပါတယ်။
ဒါ့အပြင် ဗလာဟိုဗစ် ဟာ အခွန်ဆောင်ပြီး တစ်ပတ်လစာ ပေါင် ၁ သိန်း ၆ သောင်း နဲ့ ငါးနှစ် စာချုပ်အလို ရှိနေတာကြောင့် အာဆင်နယ် အသင်း အနေနဲ့ ဆားဘီယားသားကို တစ်ပတ် လစာ ပေါင် ၃ သိန်းကျော် ပေးသွားရဖို့ ရှိနေပါတယ်။
ဗလာဟိုဗစ် ကို ခေါ်ချင် နေကြတဲ့ အသင်းတွေ အနေနဲ့ နောက်ထပ် ပေးချေ ရမယ့် ကုန်ကျ စရိတ်တစ်ခု ရှိနေ ပါသေးတယ်။ အဲ့ဒါကတော့ ကစားသမား ရဲ့ အေးဂျင့် အဖွဲ့အစည်း ကို ပေါင် ၁၅ သန်း ပေးချေ ရမယ့် စရိတ်ပါ။ ဗလာဟိုဗစ် အေးဂျင့်တွေကို ပေးရမယ့် စရိတ်ဟာ အပြောင်းအရွှေ့မှာ အခရာကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ် လို့လည်း သိရပါတယ်။
ဒါကြောင့် အာဆင်နယ် အသင်း အနေနဲ့ ဗလာဟိုဗစ် အတွက် စုစုပေါင်း ကုန်ကျ စရိတ် ပေါင် သန်း ၁၅၀ ကျော် သုံးစွဲ ရဖို့ ရှိနေပါတယ်။ ဗလာဟိုဗစ် နဲ့ သူ့ရဲ့အေးဂျင့်တွေကတော့ ဥရောပ ပြိုင်ပွဲ ကစားခွင့်ရတဲ့ အသင်းမျိုးကိုပဲ ပြောင်းရွှေ့ချင်နေပါတယ်။

ဒီအချက်ဟာ ဒီရာသီ ဥရောပ ပြိုင်ပွဲ ကစားခွင့် မရတဲ့ အာဆင်နယ် အတွက် အခက်အခဲ ဖြစ်လာနိုင်ပေမယ့် မီခေးလ် အာတီတာ ရဲ့ အနာဂတ် အစီအစဉ်တွေဟာ ဆားဘီးယား ကို စိတ်ဝင်စားမှု ဖြစ်စေနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေကြပါတယ်။
ဗလာဟိုဗစ် ဟာ ဒီရာသီမှာ ဖီအိုရင်တီးနား နဲ့ ဆားဘီးယား အသင်းအတွက် ၂၈ ပွဲ ကစား ၂၃ ပွဲ အထိ သွင်းယူ ပေးထားပါတယ်။ အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ် အတွက် သုံးစွဲရမယ့် ငွေကြေး ပမာဏ များမှာကို ကြိုတင် သိရှိ ထားပြီး ဖြစ်သလို ဒီဇန်နဝါရီ မှာ မခေါ်နိုင်ရင် နွေရာသီမှာ ခေါ်ဖို့ ပိုခက်ခဲနိုင်တာကိုလည်း သိထားတာကြောင့် ဒီလအတွင်း အရ ခေါ်ယူနိုင်ဖို့ ကြိုးပမ်း သွားဖွယ် ရှိနေပါတယ်။