မန်ယူနဲ့ ပွဲမှာ VAR အကြာကြီး ကြည့်၊ ဂိုးလည်း မပေးလို့ စိတ်တိုနေတဲ့ ဗီလာနည်းပြ ဂျရတ်
အက်စတွန် ဗီလာနည်းပြ စတီဗင်ဂျရတ်ဟာ မနေ့ညက မန်ချက်စတာ ယူနိုက်တက်ကို အက်ဖ်အေဖလားမှာ အရေးနိမ့်ခဲ့တဲ့နောက် VAR ကို ပြစ်တင် ဝေဖန်သွားခဲ့တယ်လို့ သိရှိရပါတယ်။
ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်က တွမ်မီနေးရဲ့ အစောပိုင်း ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဗီလာကတော့ လက်ကျန် ပွဲကစားချိန် တလျှောက် ယူနိုက်တက်ကို အသာစီး ကစားခဲ့တာပါ။ ဒါပေမယ့် လိုအပ်နေတဲ့ ချေပဂိုးတော့ မရခဲ့ဘဲ အက်ဖ်အေဖလားမှာ တတိယအဆင့်နဲ့ နောက်ပြန် လှည့်ခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အက်စတွန် ဗီလာတို့ ဒန်နီအင့်စ်ရဲ့ ချေပဂိုးတဂိုးရခဲ့ပေမယ့် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကတော့ VAR ကြည့်ပြီး ပယ်ဖျက်ခဲ့ပါတယ်။
ပြစ်ဒဏ်ဘော ကန်တင်ပေးလိုက်တဲ့ အနေအထားမှာ ဂျာကော့ဘ်ရမ်ဆေးက လူကျွံနေရင်းနဲ့ ကာဗာနီရဲ့ ပြေးလမ်းကြောင်း ကို ပိတ်ခဲ့တယ်လို့ဆိုပြီး နောက်ဆက်တွဲမှာ ရရှိသွားတဲ့ ဒန်နီအင့်စ်ရဲ့ ချေပဂိုးကို ပယ်ဖျက်ခဲ့တာပါ။
အဲ့ဒီအပေါ်မှာတော့ ဂျရတ်က – “ကျနော်တို့က ချေပဂိုးအတွက် ဖိအားပေးခဲ့ပြီး အကောင်းဆုံး ပုံစံရခဲ့ပါတယ်။ ဒါပေမယ့် VAR ပြန်ကြည့်နေတဲ့ (၃) မိနစ်ခွဲလောက်က ပွဲကို ဒုက္ခပေးခဲ့ပါတယ်။

စည်းကြပ်ဒိုင်က ကာဗာနီရဲ့ ပြေးလမ်းကြောင်းကို ဂျာကော့ဘ်က ပိတ်ထားတယ်လို့ ဆိုပါတယ်။ နောက်ထပ် စိတ်ပျက်စရာက ဒီကိစ္စအတွက် အချိန် သုံးမိနစ်ခွဲလောက် ယူခဲ့ရတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
အက်စတွန်ဗီလာနဲ့ ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီ (၁၅) မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ထပ်မံ ရင်ဆိုင် ရဖို့ရှိပြီး ဒီပွဲကိုတော့ ဗီလာအိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ဗီလာ ကစားသမားသစ် အဖြစ် ဘာစီလိုနာကနေ ရောက်လာတဲ့ ကော်တင်ညိုလည်း ပါဝင် ကစားဖွယ် ရှိပါတယ်။