အလန်ရှီးယား ဟောကိန်း၊ ဗလာဟိုဗစ် တန်ကြေး၊ အာတီတာ မေးခွန်းထုတ်ခြင်းနဲ့ ယနေ့ အာဆင်နယ် သတင်းများ

အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက စပါးအသင်းဟာ အာဆင်နယ်ကိုကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ အာဆင်နယ်ဟာ အထင်ကြီးစရာစွမ်းရည် ပြသထားပေမဲ့ စပါးမှာ ကွန်တီရှိနေပြီး ကိန်း၊ ဆွန်တို့ရဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားတဲ့ စပါးကသာ အဆင့်လေးဝင်မယ်လို့ ထင်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့််ခဲ့တဲ့ပွဲစဉ်မှာ ကစားသမားတွေရဲ့ နိုင်ပွဲ ဆာလောင်စိတ်ကို မေးခွန်းထုတ်ခဲ့ပြီး သူတို့အနေနဲ့ ဒီထက်ပိုပြီး မောင်နှင်းအားနဲ့ နိုင်ပွဲ ဆာလောင်စိတ် လိုအပ်ကြောင်း၊ အသင်းရဲ့ စွမ်းရည်ကို လုံး၀ စိတ်ပျက်မိကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက နော်တင်ဟမ်ဖောရက်စ်နဲ့ အက်ဖ်အေပွဲမှာ ပထမပိုင်း မိနစ် ၃၀ မှာပဲ နောက်ခံလူ တာဗာရက်စ်ကို လူးစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ရိုးရှင်းပြီး အသင်းစွမ်းရည်တိုးတက်လာဖို့ဖြစ်ကြောင်း၊ သူ့အနေနဲ့ တစ်ဦးချင်းနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဂျူဗင်တပ်ကွင်းလယ်လူ အာသာကို ခေါ်ယူဖို့ နီးစပ်လျက်ရှိနေကြောင်း သိရပါတယ်။ အာသာ အနေနဲ့ ဂျူဗင်တပ်မှာ နေရာရဖို့ရုန်းကန်နေရတာကြောင့် အသင်းကနေ ထွက်ခွာလိုနေပြီး အာဆင်နယ်က သူ့ကို ကြိုးပမ်းလျက်ရှိနေတာပါ။

ဘရိုက်တန်ကတော့ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ဘစ်ဆိုမာအတွက် ပေါင်သန်း ၅၀ တောင်းဆို ထားကြောင်း The Athletic က ဖော်ပြထားပါတယ်။ ဘရိုက်တန်အနေနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တဲ့ ဘစ်ဆိုမာကို ရောင်းထုတ်ဖို့ ကြံရွယ်နေပြီး အာဆင်နယ်က သူ့ကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့တုန်းက ကြိုးပမ်းခဲ့ဖူးတာပါ။

အာဆင်နယ်ဘုတ်အဖွဲ့အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဖီအိုရင်တီးနားတိုက်စစ်မှူးဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့အတွက် ပေါင် သန်း ၇၀ အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ဗလာဟိုဗစ်ကိုအဓိက ပစ်မှတ်ထားကာ အရ ခေါ်ယူဖို့ ကြံရွယ်ထားတာပါ။

အာဆင်နယ်နည်းပြ အာတီတာက အဓိက ကစားသမား ၃ ဦးဖြစ်တဲ့ နောက်ခံလူ တိုမီယာဆု၊ ကွင်းလယ်လူဂျာကာနဲ့ လူငယ်ကြယ်ပွင့်တို့အနေနဲ့ လီဗာပူးနဲ့ ယှဉ်ပြိုင်မဲ့ ကာရာဘောင်ဖလားပွဲစဉ်ကိုလွဲချော်ဖွယ်ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဂျာကာဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး စမစ်ရို့စ်နဲ့ တိုမီယာဆုတို့က ခြေသလုံးကြွက်သားပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။