အာဆင်နယ်ရဲ့ ဒီ ဇန်နဝါရီ ပထမဆုံး ကစားသမား ခေါ်ယူမှုကတော့ စတင်လိုက်ပါပြီ
အာဆင်နယ်အသင်းဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလရဲ့ပထမဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဝက်စ်ဘရွန်း အသင်း ရဲ့ အရည်အသွေးမြင့် ဘယ်နောက်ခံလူ လီနို ဆိုဆာ ကို ခေါ်ယူလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
လန်ဒန်အခြေစိုက် သတင်းဌာနက အာဆင်နယ် အသင်းဟာ အသက် ၁၆ နှစ် အရွယ် ကို အပြီးသတ် စာချုပ်ချုပ် ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရေးသား ဖော်ပြ လာခဲ့တာပါ။

ဘရာဇီးသွေး တစ်စိတ်တစ်ပိုင်းပါတဲ့ လီနို ဆိုဆာ ဟာ အသက် ၁၆ နှစ်သာ ရှိသေးပေမယ့် မနှစ်က ဝက်စ်ဘရွန်း ယူ၁၈ အသင်း အတွက် ကစားပေးခဲ့သူပါ။ အာဆင်နယ် အသင်းရဲ့ အကယ်ဒမီ က တာဝန်ရှိသူတွေဟာ ဆိုဆာရဲ့အရည်အသွေးကို သတိပြုမိတာကြောင့် ဒီကာလမှာ အရ ခေါ်ယူ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဆိုဆာ ဟာ ဒီလမှာ အသက် ၁၇ နှစ် ပြည့်တော့မှာ ဖြစ်ပြီး အာဆင်နယ် အသင်းဖော်သစ် တွေနဲ့ လေ့ကျင့်ခန်း ဆင်းနေပြီ ဖြစ်ပါတယ်။ ဝက်စ်ဘရွန်းအသင်း ဝက်ဆိုဒ် ရဲ့ဖော်ပြချက်အရတော့ ဆိုဆာဟာ နေရာစုံ ကစားနိုင်တဲ့ ဘယ်နောက်ခံလူ တစ်ဦးလို့ ရည်ညွှန်းထားပါတယ်။
ဆိုဆာ ဟာ သူ့ရဲ့ အံ့ဖွယ် ဘောလုံး လိမ်ခေါက်တဲ့ စွမ်းရည်နဲ့ ဘောလုံး ထိန်း စကေးလ်တွေကြောင့် ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့စိတ်ဝင်စားမှု ကို ရရှိနေသူ ဖြစ်ပြီး အာဆင်နယ် အသင်းက လက်ဦးမှု ရယူကာ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လတုန်းကလည်း ဆိုဆာဟာ အင်္ဂလန် လူငယ် အသင်းမှာ ပထမဆုံး အကြိမ်ရွေးချယ် ခံခဲ့ရပြီး အင်္ဂလန် ယူ၁၅၊ ယူ၁၆ အတွက် ကိုယ်စားပြု ကစားပေးခဲ့ပါသေးတယ်။ ဒါတင်မကသေးပါဘူး၊ ဆိုဆာဟာ ဝက်စ်ဘရွန်း ယူ၂၃ အသင်းအတွက်လည်း ပွဲထွက် ကစားခဲ့ဖူးပါတယ်။
ဝက်စ်ဘရွန်း ယူ၁၈ နည်းပြ Peter Gilback ကတော့ ဆိုဆာ ကို ခုလို ချီးကျူး ထားဖူးပါတယ် ။
” လီနို က ကြံ့ခိုင် ဖျက်လတ်တဲ့ ဘယ်နောက်ခံလူ တစ်ဦးပါ၊ ပွဲကို ကောင်းကောင်း ဖတ်နိုင်တယ်၊ သိပ်ကောင်းတဲ့ ဘယ်ခြေကိုလည်း ပိုင်ဆိုင်ထားတယ်၊ ၁၆ အရွယ် ကစားသမား တစ်ဦးက ယူ၁၈ အသင်းမှာ တစ်ရာသီလုံး ကစားရဖို့ဆိုတာ ဖြစ်လေ့ဖြစ်ထ မရှိပါဘူး၊ ဒါပေမယ့် သူ့ကို ချီးကျူး ဂုဏ်ပြုရမှာပါ၊ သူ့မှာ အလားအလာ ကောင်းတွေ အများကြီး ရှိပါတယ်။ ” လို့ ဆိုပါတယ်။
အာဆင်နယ် အကယ်ဒမီ နည်းပြ မာတီဆက်ကာ ဟာ အကယ်ဒမီ အသင်းမှာ ဘယ်နောက်ခံလူ နေရာဟာ မဖြစ်မနေ အားဖြည့်ရမယ့် နေရာလို့ ယူဆတာကြောင့် လီနို ဆိုဆာကို ခေါ်ယူ အားဖြည့် ခဲ့တာလည်း ဖြစ်ပါတယ်။