အရေးကြီးလို့ ကိုယ်အသင်းကစားသမား ပြန်ခေါ်တာကိုတောင် မပေးဘူး ငြင်းခံရတဲ့ ချယ်ဆီး

ချယ်ဆီးဟာ အီမာဆန် ပယ်မီရာရီကို အငှားချထားရာကနေ စောစောပြန်ခေါ်ဖို့အတွက် လိုင်ယွန်ထံ ပေါင် ၃.၃ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပြင်သစ်ကလပ်ကတော့ ရက်စက်စွာ ခေါင်းမာနေတုန်း ဖြစ်ပါတယ်။

လက်ကျန်ရာသီကို ဘန်ချီဝဲ လွဲချော်ရတော့မှာဖြစ်လို့ ကလပ်မှာ တစ်ဦးတည်းသော စီနီယာ ဘယ်အစွန်လူအဖြစ် မားကို့စ် အလွန်ဆိုတစ်ယောက်သာ ကျန်နေတာနဲ့အတူ ချန်ပီယံလိဂ် ဖလားပိုင်ရှင်တွေဟာ အဲ့ဒီ့နေရာအတွက် ကာဗာပေးနိုင်မယ့် လူအင်အားကို အသည်းအသန် လိုအပ်နေတာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ နောက်လမှာ ကစားရမယ့် ကလပ်ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲ ၅ ခုမှာ ယှဉ်ပြိုင်နေဆဲ ဖြစ်သလို ကစားသမားသစ်တစ်ယောက် ခေါ်ယူဖို့ ဖြစ်နိုင်ခြေကို ရှာဖွေခဲ့ပြီး အဲဗာတန်အသင်းမှ လူးကပ် ဒစ်ဂ်နီနဲ့လည်း ချိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ဒစ်ဂ်နီဟာ အက်စ်တွန်ဗီလာကို ပြောင်းရွှေ့ဖို့ ပိုဖြစ်နိုင်နေတာကြောင့် ချယ်ဆီးနည်းပြ တူချယ်ဟာ အီမာဆန်ကို အငှားချထားရာကနေ စောစောပြန်ခေါ်ဖို့ ကလပ်ထံ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အီတလီသားဟာ လိုင်ယွန်နဲ့အတူ တစ်ရာသီ အငှားကစားနေတာဖြစ်ပြီး လီဂူးဝမ်းမှာ အထင်ကြီးစရာ လုပ်ပြနိုင်ခဲ့တာကြောင့် လိုင်ယွန်က သူ့ကို ထွက်ခွာခွင့်ပေးဖို့ ဝန်လေးနေတာပါ။ ပြင်သစ်အသင်းဟာ ချယ်ဆီးထံကနေ ကမ်းလှမ်းမှုနှစ်ခုကို ငြင်းပယ်ခဲ့ပြီးဖြစ်ပြီး အနောက်လန်ဒန်သားတွေရဲ့ နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုမှာဆိုရင် လျော်ကြေး ပေါင် ၃.၃ သန်းပေးဖို့အထိ ပါဝင်ခဲ့ပါတယ်။

ဒါဟာ ချယ်ဆီးအပိုင်ဖြစ်တဲ့ ကစားသမားတစ်ယောက်ကို အငှားကလပ်ကနေ ၆လစောပြီး ပြန်ခေါ်ဖို့အတွက် ပေးရတဲ့ပမာဏက အတော်လေးကို များပြားနေတာဖြစ်ပေမယ့် လိုင်ယွန်ကတော့ ဒီပမာဏကိုတောင် လက်သင့်မခံသေးတာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ဘာစီလိုနာရဲ့ စွယ်စုံရ နောက်ခံလူ ဆာဂျီနိုဒက်စ်၊ အေဂျက်ရဲ့ တက်ဂလီယာဖီကိုနဲ့ အေစီမီလန်ရဲ့ သီယိုဖာနန်ဒက်ဇ် တို့လို တခြားသော နောက်ခံလူတွေနဲ့လည်း ချိတ်ဆက်ခဲ့ပေမယ့် အားလုံးဟာ ပြောင်းရွှေ့ကြေးတွေ အရမ်းကုန်ကျမှာဖြစ်ပြီး ဘန်ချီဝဲ ပြန်ကောင်းလာတဲ့အချိန် သူတို့က ဒုတိယဦးစားပေး ကစားသမားသာ ဖြစ်ရမှာပါ။

လိုင်ယွန်က အခုချိန်မှာ အီမာဆန်အပေါ် ခိုင်ခိုင်မာမာ စွဲမြဲထားပေမယ့် သူ့အတွက် အစားထိုးစရာကို ကြိုတင်စဉ်းစားထားပြီးသားဖြစ်တယ်လို့ ပြင်သစ်သတင်းတွေက ဆိုပါတယ်။
ပြင်သစ်ကလပ်ဟာ ဒီရာသီ ပိုချက်တီနိုလက်အောက် စတုတ္ထဦးစားပေးနေရာကို ကျဆင်းခဲ့တဲ့ ပီအက်စ်ဂျီရဲ့ အပယ်ခံ ဘယ်အစွန်လူ ကာဇာဝါကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။