အမ်ဘတ်ပီနဲ့ ဝိန်းရွန်းနီ ဘယ်သူက ခြေပိုစွာ ပိုကောင်းလဲ ရွေးချယ်လိုက်တဲ့ ကာရေဂါ

လီဗာပူး နောက်ခံလူဟောင်း ဂျေမီ ကာရေဂါကတော့ ပီအက်စ်ဂျီ စူပါစတား အမ်ဘတ်ပီ ဟာ အခုကတည်းက မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ဝိန်းရွန်းနီထက်တောင် ပိုကောင်းနေပြီလို့ ယုံကြည်နေပါတယ်။

ကာရေဂါက အနားယူသွားတဲ့ ကစားသမားတွေနဲ့ လက်ရှိကစားသမားတွေ နှိုင်းယှဉ်တဲ့ တွစ်တာ ပို့စ်တစ်ခု အောက်မှာ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ကာရေဂါမှတ်ချက်ပေးခဲ့တဲ့ ပို့စ်ကတော့ ပြင်သစ်သားတိုက်စစ်မှူးနဲ့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကို နှိုင်းယှဉ်ထားတဲ့ပို့စ်ဖြစ်ပြီး ကာရေဂါက ရိုးရိုးရှင်းရှင်းပဲ “ မက်ပီ ” ဆိုပြီး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမှတ်ချက်ပေးခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက ရွန်းနီကလည်း ကစားသမားဘဝမှာ ကာရေဂါ ထက် အများကြီး ပိုကောင်းခဲ့တယ်ဆိုပြီး တုံ့ပြန်မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

ပရိသတ်တစ်ယောက်ကတော့ “ကီလီယန် အမ်ဘတ်ပီ က ဝိန်းရွန်းနီထက် ပိုကောင်းတယ်ဆိုတာ အနာဂတ်မှာတော့ ဖြစ်နိုင်ပေမယ့် အခုတော့ မဟုတ်သေးဘူး”ဆိုပြီး ရေးသားခဲ့ပါတယ်။

ပီအက်စ်ဂျီစူပါစတား မက်ပီဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ပြင်သစ် တိုက်စစ်မှူးဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် အဓိက ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်သာ ရှိသေးပေမယ့် ပြင်သစ်သားဟာ လီဂူးဝမ်းချန်ပီယံ ၄ ကြိမ်ရရှိခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ အကောင်းဆုံးကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ၁၉၇ ပွဲကစားပြီး ဂိုး ၁၅၀ နဲ့ ပီအက်စ်ဂျီအသင်းရဲ့ တတိယမြောက် ထာဝရသွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ဒါပေမယ့် ပြင်သစ်သားအနေနဲ့ ဝိန်းရွန်းနီလို ဂန္တဝင်ကစားသမားတစ်ယောက်ထက် သာဖို့ဆိုတာကတော့ အချိန် လိုအပ်နေပါသေးတယ်။ အင်္ဂလန်သားရွန်းနီဟာ ပရီးမီးယားလိဂ်ချန်ပီယံ ၅ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်ရရှိခဲ့ပြီး သူ့ရဲ့ကစားသမားဘ၀ တစ်လျှောက်မှာ အခြားဆုဖလားများစွာနဲ့ တစ်ဦးချင်းဆုပေါင်းများစွာကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ဟာ အခုချိန်မှာတော့ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီရဲ့နည်းပြတာဝန်ကို ရယူထားပါတယ်။ ရွန်းနီဟာ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်ရဲ့ ထာဝရဂိုးအများဆုံး သွင်းယူထားသူလည်း ဖြစ်ပါတယ်။ တိုက်စစ်မှူးရွန်းနီဟာ ယူနိုက်တက်အတွက် ၅၅၉ ပွဲကစားပြီး ၂၅၃ ဂိုးထိ သွင်းယူထားပြီး အင်္ဂလန်အတွက်ကိုတော့ ပွဲ ၁၂၀ မှာ ၅၃ ဂိုးသွင်းယူထားပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူးအနေနဲ့ ထာဝရ အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ချင်တယ်ဆိုရင်တော့ အနည်းဆုံး ချန်ပီယံလိဂ် တစ်လုံးတော့ ရအောင်ယူဖို့လိုအပ်နေပါတယ်။ ပြင်သစ်သားဟာ ပီအက်စ်ဂျီနဲ့အတူ ၂၀၁၉-၂၀ ရာသီ တုန်းက ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ခဲ့ဖူးပေမယ့် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ မက်ပီရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝက မကြာခင်အဆုံးသတ်ဖို့ နီးစပ်နေပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားရဲ့ ပြင်သစ်ကလပ်နဲ့ စာချုပ်ဟာ နောက်ဆုံး ၆ လထဲကို ရောက်ရှိနေပြီဖြစ်သလို အမ်ဘတ်ပီ ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ဖလား ရနိုင်တဲ့အသင်းတစ်သင်းဖြစ်တဲ့ လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်လျက်ရှိပါတယ်။