မန်ယူနဲ့ အာဆင်နယ်ကို အဆင့် ၄ နေရာက ဖယ်ထုတ်မယ့် အသင်းကို ပရီးမီးယားလိဂ် ဂန္တဝင်ကြီး ဟောကိန်းထုတ်

အင်္ဂလန်နဲ့ နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်း ခန့်မှန်းချက်ကို ပြုလုပ်ခဲ့ပြီး ဒီရာသီမှာ တန်းဆင်းရလိမ့်မယ်လို့ သူထင်တဲ့ အသင်းသုံးသင်းကိုလည်း ပြောပြခဲ့ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ မန်စီးတီးဟာ ၁၀ မှတ်အသာနဲ့ ဦးဆောင်နေပြီး ပရီးမီးယာလိဂ် ၁၁ ပွဲဆက် အနိုင်ရရှိထားတာပါ။ ရာသီမစခင် ဖလားရဖို့ အလန်ရှီးယား ထောက်ခံခဲ့တဲ့ ချယ်ဆီးက အဆင့် ၂ နေရာမှာ ရောက်ရှိနေပြီး လီဗာပူးကတော့ အဆင့် ၃ ဖြစ်ပါတယ်။

အာတီတာရဲ့ အာဆင်နယ်က အဆင့် ၄ နဲ့အတူ ဝက်စ်ဟမ်း၊ စပါးနဲ့ မန်ယူနိုက်တက်တို့က ဂန်းနားတွေနဲ့ အနီးစပ်ဆုံး အနေအထားမှာ အစဉ်လိုက် ရပ်တည်နေကြတာပါ။ အလန်ရှီးယားက ဒီရာသီမှာ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးတို့နဲ့အတူ ထိပ်ဆုံးလေးသင်းထဲ ဝင်မယ့်အသင်းက စပါး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းပေးခဲ့ပါတယ်။

“ ဒီရာသီ ဘောလုံးပွဲတွေ စမကန်ခင်မှာ ချယ်ဆီးက ဖလားရလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့တယ်။ အခုတော့ သံသယဖြစ်စရာတွေ အများကြီး ရှိလာတယ်။ မန်စီးတီး ဖြတ်ကျော်ခဲ့တဲ့ပုံစံအရ သူတို့ဟာ အညှာအတာကင်းမဲ့ခဲ့ပြီး ပက်ဂွာဒီယိုလာက မယုံနိုင်စရာ ကောင်းပါတယ်။

မန်စီးတီး ဆက်လက်ရယူနေတဲ့ ရလဒ်ကောင်းတွေနဲ့ ဂွာဒီယိုလာရဲ့ ကစားသမားတွေထံကနေ အကောင်းဆုံးပုံစံကို ထုတ်ယူနိုင်တဲ့ အရည်အသွေးပါပဲ။ ကစားသမားကောင်းတွေ အများကြီးရှိနေတာက ကိုင်တွယ်ရခက်ခဲတယ်။ ဘာလို့လဲဆိုတော့ ကစားသမားကောင်းတိုင်းက အပတ်တိုင်း ကစားချင်ကြတယ်လေ။ ဒါကို ပက်ဂွာဒီယိုလာ ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းက အတော်လေးကို အရေးပါတယ်။

ဒါကြောင့် မန်စီးတီးက ဖလားအောင်မြင်လိမ့်မယ်လို့ ပြောရမှာပါ။ အခုချိန်မှာ သူတို့ကို ဘယ်သူကမှ အနိုင်ယူနိုင်မယ်မထင်ဘူး။ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးတို့က ထိပ်ဆုံးသုံးသင်းပေါ့။

အာတီတာရဲ့ အာဆင်နယ်နဲ့၊ အသင်းမှာ သူ့ကိုင်တွယ်ပုံတွေကို ကျွန်တော် အထင်ကြီးမိပါတယ်။ ဒါပေမယ့် ကွန်တီက ဟယ်ရီကိန်း၊ ဆွန်ယောင်မင်တို့ရဲ့ တိုက်စစ်နဲ့အတူ စပါးကို မောင်းနှင်နေတယ်။ အဆင့် ၄ နေရာကို စပါးပဲ ရရှိနိုင်လောက်မယ်လို့ ထင်ပါတယ် ” လို့ အလန်ရှီးယားက ဆိုပါတယ်။

ဇယားအောက်ခြေမှာဆိုရင် ဘန်လေ၊ နယူးကာဆယ်နဲ့ နောဝစ်ချ်တို့က တန်းဆင်းဇုန်ထဲမှာ ရှိနေပြီး ဝက်ဖို့ဒ်ကတော့ တန်းဆင်းဇုန်ရဲ့အထက် ၂ မှတ်သာ ကွာဟနေတာပါ။ ဘယ်အသင်းတွေ တန်းဆင်းရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အလန်ရှီးယားက

“ နောဝစ်ချ်နဲ့ ဝက်ဖို့ဒ်တို့ တန်းဆင်းရနိုင်ပါတယ်။ ဘန်လေက လိဂ်မှာ ဆက်ရှိနေဖို့အတွက် လုံလောက်မှု ရှိလိမ့်မယ်လို့ ကျွန်တော် အမြဲပြောခဲ့ပေမယ့် ဒီဇင်ဘာတုန်းက ဘန်လေပွဲ အနည်းငယ်ကို ကျွန်တော် ကြည့်ခဲ့ရတယ်။ သူတို့ ခံစစ်က ဘယ်လောက်တောင် ဆိုးရွားသလဲဆိုတာကို မြင်ပြီး ကျွန်တော် တကယ် အံ့ဩခဲ့ရတယ်။

ဘန်လေက တန်းဆင်းဇုန်တိုက်ပွဲထဲက တခြားအသင်းတွေလောက် ဂိုးတွေ အများကြီး မပေးရဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် တိုက်စစ်မှာလည်း သူတို့တွေ ဂိုးမသွင်းနိုင်ဘူးလေ။ သူတို့မှာ အံ့ဩစရာဂိုးတွေ သွင်းယူပေးနိုင်တဲ့ ကော်နတ် ရှိပါတယ်။ ဒါပေမယ့် သူတို့တွေ တန်းဆင်းရလိမ့်မယ်လို့ ကျွန်တော် ပြောချင်တယ်။

နယူးကာဆယ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ပြီး ရှိနေနိုင်ဖို့ပဲ မျှော်လင့်ကြတာပေါ့ ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။