၁ဝ ယောက်ကျန် အာဆင်နယ်ကို မနိုင်တဲ့ လီဗာပူး၊ ကွန်တီ ရှိနေစေချင်တဲ့ စပါးအသင်းသားများနဲ့ နံနက်ခင်း သတင်းများ
ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ ကာရာဘောင်း ဆီမီးပထမအကျော့ပွဲစဉ်ကတော့ ဂိုးမရှိ သရေ ရလဒ်နဲ့သာ အဆုံးသတ်ခဲ့ ရပါတယ်။ ပွဲချိန် ၂၄ မိနစ်တည်းက ဇာခါ ထုတ်ပယ်ခံရပြီး အာဆင်နယ်တို့ ၁ဝ ယောက် တည်းနဲ့ ကစားရပေမယ့် အိမ်ရှင် လီဗာပူးတို့ အခွင့်ကောင်း ယူ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒါ့အပြင် အဆိုပါ ပွဲမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တဲ့ အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်ဟာ လက်တလော ဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် ရှေ့လာမယ့် ပွဲစဉ်အချို့ကိုလည်း ဆက်လက်လွဲချော်ရနိုင်ခြေ ရှိနေကြောင်းလည်း သိရပါတယ်။

လီဗာပူးဟာ အာဆင်နယ်ကို အနိုင်ရဖို့အတွက် လုံလောက်အောင် မကစားနိုင်ခဲ့ဘူးလို့ နည်းပြ ယာဂန်ကလော့ပ်က ဝန်ခံသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးအသင်းဟာ လာမည့် တစ်ပတ်မှာ ကစားရမယ့် ဒုတိယအကျော့မှာ အနိုင်ရဖို့ အတွက် မျှော်လင့်ချက်တော့ ရှိနေသေးတယ်လို့ ကလော့ပ် အကောင်းမြင်နေပါတယ်။
ကိုပါအီတာလျံ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်မှာလည်း အေစီမီလန် အသင်းက ဂျီနိုအာ အသင်းကို ဒုတိယပိုင်း ချေပသွင်းဂိုးနဲ့အတူ အနိုင်ဂိုးတွေ ဆက်လက်သွင်းယူကာ ၃-၁ နဲ့ အနိုင်ယူနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အက်သလက်တီကိုအသင်းကတော့ ဘီဘာအိုနဲ့ စပိန် စူပါဖလားဆီမီးဖိုင်နယ် အဖြစ် ကစားခဲ့ရပေမယ့် ၁-၂ နဲ့ အရေးနိမ့် ခဲ့ရကြောင့် ဖိုင်နယ်အဆင့်တက်လှမ်းခွင့် ဆုံးရှုံးခဲ့ရတာလည်း တွေ့ရပါတယ်။
ဘန်လေ အသင်းဟာ လက်ရှိ ရီးဒင်းအသင်းနဲ့ ပူးပေါင်းနေတဲ့ လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ကာရိုးလ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သတင်းထွက်နေပါတယ်။
ဒါဘီအသင်းနည်းပြ ရွန်းနီရဲ့ ပြောကြားချက်အရ မန်ယူအသင်း တိုက်စစ်ကစားသမားလေး အာမတ် ဒီရယ်လို တစ်ယောက် ၎င်းတို့အသင်းထံ ပြောင်းရွှေ့လာနိုင်ဖွယ် မရှိကြောင်း သတင်းရရှိပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်းသားအချို့ကတော့ လက်ရှိ နည်းပြ ကွန်တီ တစ်ယောက် အသင်းမှာ ဆက်နေပေးဖို့ ဆန္ဒရှိနေကြပြီး အသင်းမှ ထွက်ခွါသွားမှာကို အများစုက လိုလားခြင်း မရှိကြကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီကတော့ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ပြန်လည် သက်သာလာဖို့ ကြိုးစားမှုတွေ ပြုလုပ်ခဲ့ပေမယ့် စိတ်ရှည်ရှည်နဲ့ အချိန်ကြာကြာ စောင့်ဆိုင်းနေရကြောင်း ပရိသတ်တွေကို ဖွင့်ဟသွားခဲ့ပါတယ်။
တူနီးရှား-မာလီ ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့စဉ်က ကမောက်ကမ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဆီကက်ဇ်ဝီ ကို တာဝန်ရှိသူတွေက စတင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။