ကစားဖို့ ငြင်းတဲ့ မာရှယ်၊ ကော်တင်ဟိုရဲ့ ပွဲပြီးစကား၊ လူကာကူ ကို တူချယ် ဝေဖန်ခြင်းနဲ့ နံနက်ခင်း သတင်းများ
မန်ယူနည်းပြ ရန်နစ်က တိုက်စစ်မှူး မာရှယ်လ်အနေနဲ့ ဗီလာနဲ့ပွဲစဉ်မှာ အသင်းလူစာရင်းမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ကြောင်း၊ ဒါကြောင့် ဗီလာနဲ့ပွဲမှာ မာရှယ်လ်အနေနဲ့ ပါဝင်ခြင်း မရှိခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ထိုပွဲမှာ မန်ယူက ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့သော်လည်း မိနစ် ၇၀ နောက်ပိုင်း ဂိုးတွေ ပြန်ပေးရကာ ၂-၂ နဲ့ သရေကျခဲ့ပါတယ်။
ဗီလာကွင်းလယ်လူ ကော်တင်ဟိုက မန်ယူနဲ့ပွဲအပြီးမှာ ” ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်ကို လွမ်းဆွတ်နေခခဲ့တာပါ။ ဒါက ကျွန်တော်အတွက် အစကောင်းဖြစ်ခဲ့ပြီး ပွဲမပြီးခင်အထိ ယုံကြည်ချက်ရှိခဲ့ပါတယ်။ ပွဲမတိုင်ခင်တော့ နည်းနည်း တုန်လှုပ်ခဲ့မိပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

လီဗာပူး နည်းပြကလော့ကတော့ လူငယ်ကြယ်ပွင့် ကာတစ်ဂျုံးစ်အနေနဲ့ လက်ရှိအချိန်ဟာ နောက်တစ်ဆင့်ကို တက်လှမ်းရတော့မဲ့ အချိန်ဖြစ်ကြောင်း၊ ကာတစ်ဂျုံးစ်ဟာ အလားအလာ များစွာ ရှိသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ရည်မှန်းချက်တွေ ပြည့်ဝလာမှာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်ကတော့ မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်က တိုက်စစ်မှူး လူကာကူရဲ့ခြေစွမ်းကို မပျော်မရွှင် ဖြစ်နေပြီး လူကာကူဟာ ဘောလုံး ဆုံးရှုံးမှုများပြားခဲ့ကြောင်း၊ လူကာကူ အခွင့်အရေးကြီး တစ်ကြိမ် ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ကြောင်း ညဉ်းတွားခဲ့ပါတယ်။
ပီအက်စ်ဂျီကတော့ သူတို့ရဲ့ ဂိုးသမား နာဗက်စ်ကို ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ထံ ရောင်းချဖို့ စိတ်ဝင်စားခြင်း မရှိကြောင်း သိရပါတယ်။ နယူးကာဆယ်ဟာ နာဗက်စ်ကို ခေါ်ယူဖို့ချိတ်ဆက်မှုတွေ ပြုလုပ်လျက်ရှိနေတာ ဖြစ်ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချဲလ်ဆီးနဲ့ပွဲမှာ ဒီဘရိုင်းဟာ အကောင်းဆုံး ပုံစံကို ပြန်ရလာပြီဖြစ်ကြောင်း၊ ဒီဘရိုင်းဟာ ဒီရာသီမှာ ယုံကြည်ချက် အနည်းငယ် ပျောက်ဆုံးခဲ့ပြီး ရုန်းကန်ခဲ့ရပေမယ့် ချဲလ်ဆီးနဲ့ပွဲမှာ မမြင်ရတာ နည်းနည်းကြာပြီ ဖြစ်တဲ့ ဒီဘရိုင်းရဲ့ပုံစံကောင်းကို တွေ့ခဲ့ရပြီလို့ ဆိုခဲ့ပါတယ်။

အဲဗာတန်အနေနဲ့ နော့ဝှစ်ချ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဘင်နီတက်ဇ်ကို ထုတ်ပယ်ဖို့ စီစဉ်လျက်ရှိနေကြောင်း သိရပါတယ်။ အဲဗာတန်ဟာ ရလဒ်တွေ ဆိုးရွားလာတဲ့အတွက ်ဘင်နီတက်ဇ်ကိုထုတ်ပယ်ဖို့ ဘုတ်အဖွဲ့အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်ရဲ့ ပွဲရွှေ့ဆိုင်းဖို့ တောင်းဆိုမှုကို ပရီးမီးယားလိဂ်ဘက်က လက်ခံခဲ့တဲ့အပေါ် စပါးအသင်းက အမျက် ထွက်နေပြီး ကိုဗစ်နဲ့ မဆိုင်တဲ့ ဒဏ်ရာပြဿနာတွေအထိ ပွဲရွှေ့ဆိုင်းဖို့ မလိုကြောင်း၊ စည်းမျဉ်းတွေဟာ အခုထက်ပိုပြီး တိကျတည်ငြိမ်ဖို့ လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။