ကီပါကို ဝေဖန်တဲ့ ဖာဒီနန်၊ တူချယ်ရှင်းပြတဲ့ တိုက်စစ်အခင်း၊ လော့ဖ်တပ်ချိ၊ အီမာဆင်နဲ့ ချဲလ်ဆီး သတင်းများ

မန်ယူ နောက်ခံလူဟောင်း ဖာဒီနန်က မန်စီးတီးနဲ့ပွဲမှာ ဒီဘရိုင်း သွင်းယူသွားတဲ့ အနိုင်ဂိုးအတွက် ကီပါရဲ့ စွမ်းရည်ကို မေးခွန်းထုတ်ခဲ့ပြီး ညာဖက်ကို ခြေတစ်လှမ်း လှမ်းခဲ့တာ ကီပါရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ နောက်တန်းနဲ့ ဂိုးသမားအကြား ချိတ်ဆက်မှု အားနည်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မှတ်တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒါကတော့ ချဲလ်ဆီး က ထိုပွဲ ပထမပိုင်းမှာ ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်မှ ပြုလုပ်နိုင်ခြင်း မရှိခဲ့ဘဲ ဒါဟာ တူချယ်လက်အောက် ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့ရပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က မန်စီးတီးနဲ့ပွဲမှာ ကွင်းလယ်လူ မစ်ဆန်မောင့်ကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဇီးယက်ချ်နဲ့ ပူလီဆစ်တို့ဟာ မစ်ဆန်မောင့်ထက် အနည်းငယ် လျင်မြန်မှုရှိကာ သူတို့ရဲ့လျင်မြန်မှုတွေနဲ့ တိုက်စစ်ကို ပုံဖော်ဖို့ လုပ်ဆောင်ခဲ့ကြောင်း၊ ဒါက တိုက်စစ်ပိုင်းမှာ ဖန်တီးမှုပိုင်းပိုအားကောင်းမယ်လို့ ယူဆခဲ့ကြောင်း ဖြေရှင်းခဲ့ပါတယ်။

လိုင်ယွန်နည်းပြ ပီတာဘော့ဇ်က ဇန်နဝါရီအပြောင်းအရွှေ့မှာ ချဲလ်ဆီးကပြန်ခေါ်ဖို့ ကြိုးပမ်းနေတဲ့ နောက်ခံလူ အီမာဆင် အနေနဲ့ အသင်းမှာသာ ဆက်ရှိနေမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြ တူချယ်က ကွင်းလယ်လူ လော့တပ်ချစ်ကို ဂျူဗင်တပ်ထံ အငှားချမှာ မဟုတ်ကြောင်း၊ မနှစ်ကနဲ့ ဒီနှစ်ကိုကြည့်မယ်ဆိုရင် လော့တပ်ချပ်စ်အနေနဲ့ ပွဲကစားခွင့်များစွာ ရရှိထားပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲ ဝင်လာနိုင်ကြောင်း၊ လော့တပ်ချပ်စ်ကို အငှားချဖို့ ဆွေးနွေးနေတာမျိုး မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး ပရိသတ်တွေကတော့ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ပြိုင်ဘက် ကစားသမား ဒီဘရိုင်းနဲ့ ရယ်ရယ်မောမော လက်တွဲနှုတ်ဆက်ခဲ့တဲ့ တိုက်စစ်မူှး လူကာကူရဲ့လုပ်ရပ်ကိုဝေဖန်ခဲ့ကြပါတယ်။ လူကာကူဟာ အရှက်မရှိကြောင်း၊ ရှုံးပွဲအပြီးမှာ ဒီလိုလုပ်ရပ်မျိုးလုပ်တာ မယုံနိုင်ကြောင်း၊ နွေရာသီမှာ လူကာကူကို ပြန်ရောင်းလိုက်သင့်ကြောင်း လူမှုကွန်ရက်မှာ မှတ်ချက်ပြုခဲ့ကြပါတယ်။

ချဲလ်ဆီးနည်းပြ တူချယ်က ဖလာမင်ဂိုကနေ အငှားစာချုပ်ဖျက်ပြီး ပြန်လာခဲ့တဲ့ ကင်နေဒီအနေနဲ့ အသင်းမှာ ကြီးမားတဲ့ အခွင့်အရေး ရလာမှာဖြစ်ကြောင်း၊ မိမိအနေနဲ့ ကင်နေဒီ ပြန်လာတဲ့အပေါ် ပျော်ရွှင်မိကြောင်း၊ ကင်နေဒီကို အကောင်းဆုံး ထောက်ပံ့သွားမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ပဲလေ့စ်မှာ အငှားကစားနေတဲ့ ချဲလ်ဆီးကြယ်ပွင့် ဂယ်လင်ဟာက သူ့ကို ချဲလ်ဆီးဂန္ထဝင် လမ်းပတ်နဲ့ နှိုင်းယှဉ်မှုတွေ အပေါ် နှိမ့်ချခဲ့ပြီး သူ့အနေနဲ့ တစ်စုံတစ်ဦနဲ့ နှိုင်းယှဉ်လိုခြင်း မရှိကြောင်း၊ ဒီလိုမျိုး ခိုင်းနှိုင်းမှုတွေကသူ့အတွက် မပျော်ရွှင်ရကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးဖြစ်ဖို့သာ ကြိုးပမ်းနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။