ဘရန့်ဖို့ဒ်ကို ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယ နေရာ တက်လှမ်းလာတဲ့ လီဗာပူး

လီဗာပူအသင်းဟာ ဒီည ဘရန့်ဖို့ဒ်ကို အန်းဖီးမှာ ဧည့်ခံ ကစားရာ ၃-၀ နဲ့ နိုင်ပွဲ ရခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးကတော့ ဒီပွဲမှာ သူတို့ရဲ့ ပုံစံအတိုင်း ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဂျိုတာ၊ ဖာမီနို၊ ချန်ဘာလိန်တို့ကို တွဲပေးခဲ့ပြီး ကွင်းလယ်မှာ ကာတစ်ဂျုံးစ်၊ ဖာဘင်ဟိုနဲ့ ဟန်ဒါဆ်တို့ကို အသုံးပြုခဲ့ပါတယ်။

ဘရန်ဖို့ဒ်ကလည်း ၃-၅-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့လီဗာပူးကို ရင်ဆိုင်ခဲ့ပါတယ်။

အိမ်ရှင် လီဗာပူးတို့ ပွဲအစပိုင်းမှာ လျင်လျင်မြန်မြန် တိုက်စစ်ဆင်ခဲ့ပြီး အခွင့်အရေး တချိ့ ရခဲ့ပေမဲ့လည်း ဂျိုတာ အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဆာလတ်၊ မာနေးတို့ မပါတဲ့ လီဗာပူးတိုက်စစ်ဟာ ကြည့်ရတာ ဟာတာတာ ဖြစ်နေခဲ့ပြီး တစ်သင်းလုံး ပိတ်ဆို့ထားတဲ့ ဘရန်ဖို့ဒ် ခံစစ်ကို ထိုးဖောက်ဖို့ အဖြေရှာမရခဲ့ပါဘူး။

လီဗာပူးတိုက်စစ်ကစားသမားတွေကြား ချိတ်ဆက်ပုံအားနည်းခဲ့သလို တစ်ဦးချင်း ထိုးဖောက်မှုတွေကလည်း အားရစရာ မကောင်းခဲ့ပါဘူး။ ၄၄ မိနစ်မှာတော့ လီဗာပူး ဦးဆောင်ဂိုးစရခဲ့ပြီး အာနိုးလ်ရဲ့ ဖြတ်တင်ပေးမှုကိုဘရန်ဖို့ဒ် နောက်တန်း ဖြတ်ထုတ်ပုံမသေသပ်မှုကနေ ရလာတဲ့ အခွင့်အရေးကို ဖာဘင်ဟိုက ခေါင်းတိုက် အဆုံးသတ်ခဲ့ပြီး ၁-၀ ဂိုးနဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးကပဲ ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့ပွဲကို စိုးမိုးထားခဲ့သလို ဘရန်ုဖို့ဒ်ရဲ့ တစ်ချက်တစ်ချက် တိုက်စစ်ဆင်မှုတွေကလည်း ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ လီဗာပူးတိုက်စစ်ကအချိတ်အဆက် မိလာခဲ့ပြီး အခွင့်အရေးတွေလည်း ဆက်တိုက်ဆိုသလို ရလာခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ လီဗာပူးတို့ အနိုင်သေချာစေမဲ့ ဒုတိယမြောက်ဂိုးရခဲ့ပြီး ရော်ဘတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဘရန်ဖို့ဒ်နောက်တန်းတွေ ကပ်ထားတဲ့ကြားက ချိန်ဘာလိန်က ခေါင်းတိုက်အဆုံးသတ်ခဲ့တာပါ။အဲဒီနောက် ဘရန်ဖို့ဒ်ကို ကစားအားလုံးဝကျဆင်းသွားခဲ့ပြီး လီဗာပးူကပဲပွဲကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါတယ်။

၇၇ မိနစ်အရောက်မှာတော့ ဘရန်ဖို့ဒ်ဂိုးသမားက နောက်တန်း ကစားသမားကို ပေးရာမှာ ဖာမီနိုက အကောင်းဆုံး Press လုပ်ခဲ့ပြီး လွတ်လွတ်ကျွတ်ကျွတ် ရလာတဲ့အခွင့်အရေးကို မီနာမီနိုက ကန်သွင်းပြီး လီဗာပူးအတွက် ပွဲသိမ်းဂိုး သွင်းပေးခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် လီဗာပူးက အမှတ်ပေးဇယား ဒုတိယနေရာကို တက်လာခဲ့ပြီ ဖြစ်ပြီး မန်စီးတီးနဲ့ ၁၁ မှတ် အကွာမှာ ရှိလာပါတယ်။