ဗလာဟိုဗစ်အတွက် ကမ်းလှမ်းမှုသစ်၊ ဒမ်ဘီလီ၊ အာသာနဲ့ ပါတေး အပါဝင် အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ
ဆန်းဒါးလန်း ကစားသမားဟောင်း ကီဗင်ဖီးလစ်က အာဆင်နယ်နောက်ခံလူ ချိန်ဘာ အနေနဲ့ လီဗာပူးနဲ့ပွဲမှာ တောက်ပ တဲ့ စွမ်းရည်ကို ပြသခဲ့ကြောင်း၊ ဒါပေမဲ့ ချိန်ဘာရဲ့ အနာဂတ်ဟာ အာဆင်နယ်မှာ မရှိတော့ကြောင်း၊ ချိန်ဘာဟာ နည်းပြအာတီတာ အားကိုးရသူဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူလိုတဲ့အထဲမှာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်လည်း ပါဝင် လာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအနေနဲ့ စာချုပ် သက်တမ်းတိုးမြှင့်ဖို့ ခက်ခဲနေတဲ့ ဒမ်ဘီလီကို ဒီလအတွင်း ရောင်းထုတ်သွားဖို့ နီးစပ်နေပါတယ်။

ဂျူဗင်တပ်ကတော့ အာဆင်နယ်အနေနဲ့ သူတို့ရဲ့ကွင်းလယ်လူ အာသာကို လိုချင်ရင် သောမတ်ပါတေးကို ပြန်ပေးရမယ် လို့ တောင်းဆို ထားကြောင်း အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။ အာဆင်နယ်အနေနဲ့ ပါတေးကိုတော့ လက်လွှတ်သွားဖွယ် မရှိပါဘူး။
အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က မစ်လန်းနိုင်းလ်နဲ့ ဘာလိုဂန်တို့ကို အငှားချခဲ့တဲ့ အာဆင်နယ်ရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး ကိုဗစ်ပြဿနာရှိနေပြီး ပွဲစဉ်တွေအများအပြား ကစားရမဲ့အပေါ် ကစားသမား အငှားချမှုပြုလုပ်ခဲ့တာ ဆိုးရွားလွန်းကြောင်း၊ အာဆင်နယ်ဟာ ပိုက်ဆံရဖို့သာ လုပ်ဆောင်နေကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဖီအိုရင်တီးနား တိုက်စစ်မူှး ဗလာဟိုဗစ်အတွက် ကြေး တိုးမြှင့် ကမ်းလှမ်း လိုက်ကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ဗလာဟိုဗစ်အတွက် တော်ရဲရား အပါအဝင် ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်မှာ အငှားနဲ့ ကစားနေတဲ့ မစ်ဒယ်ဘရော့နောက်ခံလူ Djed Spence ကိုခေါ်ယူဖို့ အာဆင်နယ် က စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ပါတယ်။ ထို အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။
မန်စီးတီးကစားသမားဟောင်း ပီကာရစ်ချတ်ကတော့ မြောက်လန်ဒန်ဒါဘီကို ရွှေ့ဆိုင်းခဲ့တဲ့အပေါ် အာဆင်နယ်ရဲ့ လုပ်ရပ် အတွက် ကာကွယ်ခဲ့ပြီး အာဆင်နယ်ဟာ စည်းမျဉ်းတွေ အတိုင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဘာမှ မှားယွင်းခဲ့ခြင်း မရှိကြောင်း၊ ဒီအခြေအနေဟာ ဘယ်အသင်းမဆို အာဆင်နယ်လို ပြုမူမှာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။