ဝေဖန်သူတွေနဲ့ ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသား သတိပေးစကား ပြောလိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် ရဲ့ မနေ့ညက ချန်ပီယံလိဂ် နိုင်ပွဲဟာ တကယ်ကို ထူးချွန်လှပြီး ပထမပိုင်းမှာ သွင်းဂိုး ၂ ဂိုးကို လွယ်လွယ် ပေးခဲ့ရတဲ့နောက် ယူနိုက်တက်ဟာ ဒုတိယပိုင်း မှာ အကောင်းဆုံး တုန့်ပြန်ပြီး ၃ ဂိုး ပြန်သွင်းကာ အိုးထရက်ဖိုဒ့်မှာ နိုင်ပွဲ ရယူ သွားခဲ့ပါတယ်။

ရိုနယ်ဒိုကတော့ အတ္တလန်တာအသင်းကို ၂ဂိုးပြတ် အရှုံးကနေ ချေပဂိုးတွေ ၊ အနိုင်ဂိုးတွေ သွင်းယူပြီး Comeback နိုင်ပွဲတပွဲ ရယူနိုင်ခဲ့လို့ ပျော်ရွှင်နေတယ်။ အတ္တလန်တာကို ဂိုးသွင်းယူနိုင်ခဲ့မှုဟာ ချန်ပီယံလိဂ်မှာ သူ့အတွက် မတူညီတဲ့ကလပ်အသင်း ၃၈ သင်းကို ဂိုးသွင်းနိုင်တဲ့စံချိန်လည်းဖြစ်လာခဲ့ပါတယ်။

မနေ့က ပီအက်စ်ဂျီအတွက် မက်ဆီက လိုက်ဇစ်ကို ဂိုးသွင်းပြီး ရော်နယ်ဒိုနဲ့အတူ မတူညီတဲ့ကလပ်အသင်း ၃၇ သင်းကို ဂိုးသွင်းကာ ပူးတွဲရပ်တည်ခဲ့ပေမယ့် အခုအခါမှာ ရော်နယ်ဒိုက ၁ ပွဲအသာစီး ပြန်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ရော်နယ်ဒိုဟာ အခြား ယူနိုက်တက် ကစားသမားတွေလိုပဲ ကစားပုံ မကောင်းခဲ့ ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ခံစစ်ရော တိုက်စစ်ပါ အင်တိုက် အားတိုက် ကစားသွားခဲ့ပါတယ်။ တန်ပြန် တိုက်စစ် ကစားနေချိန်မှာ တိုက်စစ်ကနေ နောက်ထိ ဆင်းပြေးလာတဲ့ ရော်နယ်ဒိုကို ပွဲကြည့်သူတွေ သတိပြုမိခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ရော်နယ်ဒိုက ” အိမ်မက်ကဇာတ်ရုံကြီး ကတော့ အမြဲတမ်း တောက်လောင်နေဆဲပါပဲ။ ဒါက အိုးထရက်ဖို့ဒ်ကွ ဘယ်တော့မှ လွယ်လွယ်ကူကူ အရှုံးမပေးတတ်ဘူး” လို့ သူ့ရဲ့လူမှုကွန်ရက်ကနေ ခပ်ပြတ်ပြတ် သတိပေးစကား ရေးသားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ ရော်နယ်ဒိုအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၆ ဂိုးမြောက်သွင်းဂိုးလည်းဖြစ်လာခဲ့ပါတယ်။