ဟာလန်း လာရင် ထွက်မယ့် ဘန်ဇီမာ၊ လီဝန်နဲ့ ဒိုလေးတို့ ရတဲ့ ဖီဖာ အကောင်းဆုံး ဆုများနဲ့ နံနက်ခင်း သတင်းများ
ရီးရဲလ်မက်ဒရစ် အသင်းသာ ဟာလန်းကို ခေါ်ယူလိုက်ပါက အသင်းရှိ လက်ရှိ တိုက်စစ်မှူး ဘင်ဇီမာ ကတော့ အသင်းကနေ ထွက်ခွါဖို့ ပြင်ဆင်ထားပြီ လို့ သိရပါတယ်။
မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက်စာရင်းထဲ ပါဝင်လာခြင်း မရှိခဲ့တဲ့ ချဲလ်ဆီး ကွင်းလယ် မေဆန်မောင့်ဟာ ထိုပွဲမှာ ပွဲပြီးခါနီးမှ လူစားဝင်ကစားခွင့်ရရှိခဲ့တာနဲ့ ပတ်သက်ပြီး ပျော်ရွှင်မနေကြောင်း တူချယ်က ဖွင့်ဟဝန်ခံသွားခဲ့ပေမယ့် အသင်းရှိ ကစားသမားတိုင်းက မောင့်ကို ချစ်ခင်နေကြကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ဒီမနက် ရွေးချယ်ချီးမြှင့်ပေးတဲ့ ၂၀၂၁ ခုနှစ် ဖီဖာအကောင်းဆုံး ဆုစာရင်းတွေမှာ ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီးက အကောင်းဆုံး အမျိုးသားဆု ရရှိခဲ့သလို မန်ယူအသင်းတိုက်စစ်မှူး စီရိုနယ်ဒိုကလည်း The Best FIFA Special အထူးဆုကို ရရှိခဲ့ကြကြောင်း သတင်းရရှိပါတယ်။

ဒါ့အပြင် အကောင်းဆုံး နည်းပြဆုကိုတော့ ချဲလ်ဆီးအသင်းအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့တဲ့ တူချယ်က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဂွာဒီယိုလာ၊ မန်ချီနီ စတဲ့ နည်းပြတွေနဲ့ ယခုဆုအတွက် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကိုတော့ ဘာစီလိုနာ အမျိုးသမီးအသင်း တိုက်စစ်မှူး ပူတဲလက်စ်က ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒါ့အပြင် အကောင်းဆုံး အမျိုးသား ဂိုးသမားဆုကိုတော့ ချဲလ်ဆီး အသင်းဂိုးသမား မန်ဒီက ရှိခဲ့တာလည်း တွေ့ရပါတယ်။
မန်ယူတိုက်စစ်မူှး မာရှယ်လ်ဟာ အသင်းကနေ ထွက်ခွာလိုနေပေမဲ့ အင်္ဂလန်ကလပ်တွေကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုကဖော်ပြထားပါတယ်။
ဒီယေဂို ကော်စတာကတော့ အက်သလက်တီကို မင်နဲရိုးအသင်းကနေ ထွက်ခွါဖို့ ပရိသတ်တွေထံ အတည်ပြု အသိပေးလိုက်ပြီ ဖြစ်ပြီး အာဆင်နယ် အသင်းထံ ရောက်လာဖို့ နီးစပ်မှုတွေ ရှိနေကြောင်းလည်း သတင်းရရှိပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က ဇန်နဝါရီအပြောင်းအရွှေ့မှာ လူသစ်ဝယ်ဖို့မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ သူတို့အသင်းဟာ တိုးတက်ဖို့ ကြိုးပမ်းရမှာဖြစ်ပေမဲ့ တခြားကစားသမားတွေကို မလိုအပ်ကြောင်း၊ သူတို့အနေနဲ့ ဒဏ်ရာရ ကစားသမားတွေပြန်လာနိုင်ဖို့ပဲ လိုအပ်တာဖြစ်ကြောင်း တူချယ်က မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ် အသင်းတိုက်စစ်မှူး အူဘာမီယန်းဟာ ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်နဲ့အတူ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကနေ နှုတ်ထွက်ပြီး လန်ဒန်ကို ပြန်လာခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဘာစီလိုနာအသင်း နောက်ခံလူ အမ်တီတီ တစ်ယောက် အသင်းလေ့ကျင့်ခန်းအစီအစဉ်အတွင်း ထပ်မံဒဏ်ရာ ရရှိခဲ့တာကြောင့် ဆေးစစ်မှု ထပ်မံခံယူပြီး ၎င်းရဲ့ ဒဏ်ရာဟောင်းကို ထပ်မံခွဲစိတ်ရဖွယ် ရှိနေကြောင်း သတင်းရရှိပါတယ်။