ပေါ့ဘာ ပြန်လာခြင်း၊ ဘယ်လင်ဟမ်၊ မက်ဂင်း၊ အာရူဂျိုတို့နဲ့ ယနေ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

မန်ယူအနေနဲ့ ဗီလာကွင်းလယ်လူ ဂျွန်မက်ဂင်းကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း တယ်လီဂရပ် က ဖော်ပြထားပါတယ်။ မန်ယူနည်းစနစ်ဒါရိုက်တာ ဖလက်ချာအနေနဲ့ အသက် ၂၇နှစ် အရွယ် ကြယ်ပွင့်ကို သဘောကျ နေတာဖြစ်ပြီး နွေရာသီမှာ ပစ်မှတ်ထားသွားမှာပါ။

ဘရန်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲကြို လေ့ကျင့်ရေး အစီအစဉ်မှာ တိုက်စစ်မှူးစီရော်နယ်ဒိုနဲ့အတူ ကာလရှည် အနားယူနေရတဲ့ ကွင်းလယ်လူ ပေ့ါဂ်ဘာတို့ကို မြင်တွေ့ခဲ့ရပါတယ်။ ပေါ့ဂ်ဘာဟာ နိုဝင်ဘာလ အစောပိုင်းကတည်းက အနားယူ နေခဲ့ရပြီး အခုအခါ လေ့ကျင့်ခန်း အပြည့်အ၀ ဆင်းနိုင်နေပြီ ဖြစ်ပါတယ်။

လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကပစ်မှတ်က ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ် ဖြစ်ကြောင်း The Athletic က ဖော်ပြထားပါတယ်။ ဘယ်လင်ဟမ်ကို အခြား ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေကလည်း အလိုရှိနေတာပါ။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဘာစီလိုနာနောက်ခံလူ အာရူဂျိုကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဘာစီနဲ့စာချုပ်သက်တမ်း ၁၈ လသာကျန်ရှိတော့ပြီး မြင့်မားတဲ့လုပ်ခလစာနဲ့ သက်တမ်းတိုး လိုနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြရန်နစ်အနေနဲ့ လူငယ်ကြယ်ပွင့် Mejbri တစ်ယောက် အာဖရိကဖလားပြိုင်ပွဲကနေ ပြန်လာတဲ့ အခါ ပထမအသင်းမှာ ထည့်သွင်း အသုံးပြုဖို့ စီစဉ်လျက်ရှိနေပါတယ်။ ရန်နစ်ဟာ ၁၈နှစ် အရွယ် ကွင်းလယ်ကြယ်ပွင့်ကို သဘောကျနေတာပါ။

မန်ယူ ကစားသမားဟောင်း ပေါလ်ပါကားကတော့ သူ့အနေနဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး စိုးရိမ်မိကြောင်း၊ ဖာနန်ဒက်စ် ကွင်းအတွင်း လုပ်ဆောင်နေတဲ့အရာတွေနဲ့ ပတ်သက်ပြီး မန်ယူ ကစားသမားတွေအနေနဲ့ ကြိုက်နှစ်သက်ခြင်း ရှိ မှာ မဟုတ်ဘူးဆိုတာ ပြောနိုင်ကြောင်း၊ ဖာနန်ဒက်စ်ဟာ attention လိုချင်တဲ့ပုံစံ ပေါက်နေကြောင်း ဝေဖန်ခဲ့ပါတယ်။

ဗီလာနဲ့ပွဲမှာ သူတို့အနေနဲ့ ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ် ဆိုတဲ့ မန်ယူနည်းပြရန်နစ်ရဲ့ ဖွင့်ဟချက်ကို ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ် က ပျက်ရယ်ပြုခဲ့ပြီး “ဘောလုံး ပိုင်ဆိုင်မှု ၄၅ ရာခိုင်နှုန်းက ပွဲကို ထိန်းချုပ်နိုင်တာလား။ သူတို့က ဒုတိယပိုင်းမှာ ဆိုလည်း ၃၅ ရာခိုင်နှုန်းပဲ ရခဲ့ပါတယ်။ ဒါက မလုံလောက်ပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။