အာသာ၊ လာကာဇက်၊ အူဘာမီးယန်း၊ ဆာကာတို့နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ
အာဆင်နယ် နောက်တန်းလူ ပက်ဘလို မာရီဟာ ရာသီကုန်ထိ အငှား ကစားဖို့ အူဒီးနိစ်အသင်းထံ ပြောင်းရွှေ့ သွားပြီ ဖြစ်ပါတယ်။
အာဆင်နယ်နောက်ခံလူ ကိုလာစီနက်အနေနဲ့ မာဆေးကို အပြီးသတ်ပြောင်းရွှေ့ပြီးနောက် သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝဟာ လွယ်ကူခဲ့ခြင်းမရှိကြောင်း၊ သူ့အနေနဲ့ အသင်းအတွက်အကောင်းဆုံးပေးဆပ်ခဲ့ကြောင်း၊ လွန်ခဲ့တဲ့နှစ်ကာလတွေအတွက် အာဆင်နယ်ကိုကျေးဇူးတင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အနေနဲ့ လီဗာပူးနဲ့ယှဉ်ပြိုင်မဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကစားသမားတချို့ ပြန်လည်ပါဝင်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အိုဒီဂတ်၊ ဆာကာ၊ ဆယ်ဒရစ်၊ချန်ဘာနဲ့ တိုမီယာဆုတို့အနေနဲ့ အဆိုပါပွဲမှာ ပြန်ပါနိုင်ဖို့ အာဆင်နယ်ဘက်က မျှော်လင့်နေတာပါ။

လီဗာပူးလက်ထောက်နည်းပြ ပတ်လင်ဂျာက ကွင်းလယ်လူ ချိန်ဘာလိန်အနေနဲ့ အာဆင်နယ်နဲ့ ကစားမဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲကို လွဲချော်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ချိန်ဘာလိန်ဟာ ဘရန်ဖို့ဒ်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာပါ။
ဂျူဗင်တပ်ကတော့ သူတို့ရဲ့ကွင်းလယ်လူ အာသာအတွက် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို အခြေအနေတစ်ခုကြောင့်နဲ့ လက်ခံသွားတော့မှာ ဖြစ်ပါတယ်။ ဒါကတော့ ဂျူဗီအနေနဲ့ အာသာအတွက် ရေတိုမဟုတ်ဘဲ ၁၈ လစာချုပ်နဲ့ အငှားခေါ်ယူရင်တော့ လက်ခံသွားမှာလို့ သိရပါတယ်။
နီကိုလက်ကတော့ အာဆင်နယ်အနေနဲ့ ဝါရင့်တိုက်စစ်မှူး လာကာဇက်ကို စာချုပ် သက်တမ်း တိုးမြှင့်သင့်ကြောင်း၊ အာဆင်နယ်အနေနဲ့ လာကာဇက်တောင်းဆိုတဲ့အတိုင်း ၂နှစ်စာချုပ် ချုပ်ဆိုသင့်ကြောင်း၊ လာကာဇက်ဟာ လူငယ်တွေကို ဦးဆောင်နိုင်သူဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက အူဘာမီယန်အနေနဲ့ အသင်းအတွက် ထပ်ပြီး ကစားနိုင်မလားလို့ အမေးခံခဲ့ရာမှာတော့ “သူက လန်ဒန်ကို ရောက်နေပါပြီ။ ကစားသမားရဲ့ ကျန်းမာရေးက အကောင်းဆုံး အခြေအနေ ဖြစ်သလားဆိုတာ သေချာအောင်လုပ်ဖို့ လိုပါတယ်။ အခြေအနေတွေကို စောင့်ကြည့်ရမှာပါ”လို့သာ ပြောဆိုခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်း မက်မာနာမန်က သူ့အနေနဲ့ အာဆင်နယ်ကြယ်ပွင့်ဆာကာကို လီဗာပူးမှာ တွေ့မြင်လိုကြောင်း၊ အာဆင်နယ်မှာ ဆာကာဟာ တခြားကစားသမားတွေထက် ကြည့်ရတာ စိတ်လှုပ်ရှားမှုပေးစွမ်းကြောင်း၊ ဆာကာဟာ လီဗာပူးရဲ့ တိုက်စစ်ပိုင်းကို ခြားနားစေမဲ့သူဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က စပါးနဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ဲတဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး အာဆင်နယ်ဟာ အကယ်ဒမီအတွက် ငွေများစွာ သုံးစွဲထားတာဖြစ်ပြီး လူငယ်တွေကိုအခွင့်အရေးပေးသင့်ကြောင်း၊ အာဆင်နယ်မှာ ကိုဗစ် ကူးစက်သူ ၁၀ ဦးလောက်ရှိနေရင် မပြောလိုကြောင်း ဆိုခဲ့ပါတယ်။