ဂန်းနားတွေကို အနိုင်ယူ ဗိုလ်လုပွဲတက်သွားတဲ့ လီဗာပူး၊ ချဲလ်ဆီး မပြန်ချင်တဲ့ ဟာဇက်နဲ့ နံနက်ခင်း သတင်းများ
အာဖရိကဖလား လက်ရှိချန်ပီယံ အယ်လ်ဂျီရီးယာကတော့ အိုင်ဗရီကို့စ်ကို အရးနိမ့်ပြီးနောက် ဒီနှစ်မှာ အုပ်စု အဆင့် ကနေပဲ ထွက်ခွာခဲ့ရပါပြီ။ အိုင်ဗရီကို့စ်အနေနဲ့ အယ်လ်ဂျီးရီးယားကို ၃-၁ ဂိုးနဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး ထိုပွဲမှာ မာရက်ဇ် ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။
လီဗာပူနည်းပြကလော့ကတော့ ကာရာဘောင်ဖလားပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လီဟာ အံ့အားသင့်ဖွယ် ခြေစွမ်းကို ပြသခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။
ဒါ့အပြင် ကလော့ ခြေစွမ်းပြခဲ့တဲ့ လီဗာပူး တိုက်စစ်မှူး ဂျိုတာကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ဂျိုတာဟာ ကမ္ဘာ့ ထိပ်တန်း အဆင့် တိုက်စစ်မှူးဖြစ်လာပြီဖြစ်ကြောင်း၊ ဂျိုတာဟာ အံ့ဖွယ် ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့ကြောင်း၊ သူဟာ အသင်းကို ရောက်ပြီး တည်းက ကြီးမားစွာ ကူညီပေးနေသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

စပါးကစားသမားဟောင်း ဂိုမစ်က ချဲလ်ဆီးဂိုးသမား မန်ဒီဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမား ဖြစ်ကြောင်း၊ မန်ဒီဟာ အီဒါဆန်၊ အယ်လစ်ဆန်တို့ထက် ကာကွယ်မှုများစွာ ပိုပြုလုပ်ပြီးအလွန်ကောင်းမွန်တဲ့ စွမ်းရည်ကို ပြသလျက်ရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက သူတို့အနေနဲ့ ကာရာဘောင်ဖလားမှာ ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရမှုအတွက် စိတ်ပျက်မိကြောင်း၊ သူတို့အနေနဲ့ နှစ်ကျော့စလုံးမှာ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပြီးဂိုးသွင်းယူနိုင်ခဲ့သင့်ကြောင်း၊ သူတို့ဟာ နောက်ဆုံး ၃ ပွဲမှာ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရကြောင်း၊ ဘာပဲပြောပြော ကစားသမားတွေအတွက်ဂုဏ်ယူမိကြောင်း ဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ စပါးကွင်းလယ်လူ အန်ဒွမ်ဘီလီကို အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ အန်ဒွမ်ဘီလီဟာ စပါးကိုစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပေမဲ့ ဒီနှစ်ရာသီမှာရုန်းကန်နေရပြီး ပရိသတ်တွေနဲ့လည်း အဆင်မပြေဖြစ်နေသူပါ။
ရီးရဲမက်ဒရစ်တိုက်စစ်ကစားသမား ဟာဇက် ဟာ ကမ်းလှမ်းမှုတွေကို နားစွင့်နေပေမယ့် အသင်းဟောင်း ချဲလ်ဆီးထံ ပြန်လည် ပြောင်းရွှေ့လိုခြင်းမရှိကြောင်း မာကာက ဖော်ပြထားပါတယ်။

နယူးကာဆယ်အသင်းဟာ ဆီဗီးလ်နောက်ခံလူ ဒီယေဂို ကားလို့စ်အတွက် ကြိုးပမ်းမှု ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။ နယူးကာဆယ် က ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဆီဗီးလ်ဘက်က ပေါင်သန်း ၅၀ အထိ အလိုရှိနေတာပါ။
ဖီဖာ က လာမယ့် ၂၀၂၄ ခုနှစ်ကနေ စတင်ပြီး အငှားချခြင်းနဲ့ ပတ်သက်ပြီး ကန့်သတ်မှု ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ အသင်းတစ်သင်းအနေနဲ့ ဈေးကွက်တစ်ခုအတွင်း အငှားခေါ်ယူမှု ၆ ဦးသာပြုလုပ်နိုင်သလို အငှားနဲ့ထွက်ခွာခွင့်လည်း ၆ ဦးသာ စေလွှတ်နိုင်တော့မှာပါ။