ဟာလန်း၊ ဒမ်ဘီလီ၊ လင်ဂတ်၊ ရော်နယ်ဒို အနာဂတ်နဲ့ ယနေ့ညပိုင်း မန်ယူ အပြောင်းအရွှေ့ သတင်းများ
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဘာစီလိုနာအသင်းက အရောင်းစာရင်းတင်လိုက်ပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပါပြီ။ ဒါပေမဲ့ မန်ယူဟာ ဒမ်ဘီလီကို ဇန်နဝါရီမှာ ခေါ်နိုင်မှာ မဟုတ်ဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်မှာပါ။
မန်ယူ အမှုဆောင်ဥက္ကဌသစ် ရစ်ချတ်အာနိုးဟာ ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး လာမယ့်အပတ်တွေမှာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကာ သူ့ကို အသင်းမှာ ဆက်ထိန်းထားနိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဒေါ့မွန်တိုက်စစ်မူှး ဟာလန်းအနေနဲ့ မန်ယူနည်းပြ ရန်နစ်ကို လေးစားပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မသေချာတဲ့ အနေအထားကြောင့် မန်ချက်စတာ ယူနိုက်တက်ထံကို ပြောင်းရွှေ့မှာ မဟုတ်ကြောင်း သိရပါတယ်။ ဟာလန်းအနေနဲ့ ရီးရဲမက်ဒရစ်ကိုသာ ပြောင်းရွှေ့ဖို့ များနေတာပါ။
မန်ယူခံစစ်ကြောင်းအနေနဲ့ ပြိုင်ဘက်ကို အခွင့်အရေးပေးတာ များပြားလွန်းနေကြောင်း မိုက်ကယ် အိုဝင်က ထောက်ပြလိုက်ပြီး ဒီဂီယာဟာ အံ့အားသင့်ဖွယ် ကာကွယ်မှုတွေ ပြုလုပ်နိုင်ပေမဲ့ဒီဂီယာကိုပဲ အမြဲတမ်း အားကိုးနေလို့ မရကြောင်း သတိပေးခဲ့ပါတယ်။
မန်ယူနည်းပြ ရန်နစ်က တိုက်စစ်ကစားသမား လင်ဂတ်ကို စိတ်ဝင်စားနေတဲ့ အသင်းတချို့ရှိနေကြောင်း၊ လက်ရှိ အချိန်မှာတော့ လင်ဂတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သေချာမပြောနိုင်သေးကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ယူနည်းပြဟောင်း ဆိုးလ်ရှားအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ဒန်နီရယ်ဂျိမ်းစ်အစား တိုက်စစ်မူှး မာရှယ်လ်ကိုသာ ရောင်းချချင်ခဲ့ကြောင်း၊ ဒါပေမဲ့ မာရှယ်အတွက် ကြိုက်ဈေးမရလို့ မရောင်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

မန်ယူအနေနဲ့ ပစ်မှတ်ထားနေတဲ့ မိုချန်ဂလာဘတ်ချ်ကွင်းလယ်လူ ဇာကာရီယာကို ခေါ်ယူတော့မှာ မဟုတ်ကြောင်း ဂျာမနီက သတင်းတွေအရ သိရပါတယ်။
မန်ယူအသင်းဟာ မန်စီးတီးကို ပြောင်းရွှေ့တော့မဲ့ အာဂျင်တီးနားကြယ်ပွင့် တိုက်စစ်ကစားသမား ဂျူလီယန် အယ်ဗာရက်ဇ် ကို ခေါ်ယူနိုင်မဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့ကြောင်း The Athletic က ဖော်ပြထားပါတယ်။ အယ်ဗာရက်ဇ်အနေနဲ့ မန်စီးတီးထံ ယူရို ၂၅ သန်းနဲ့ ပြောင်းရွှေ့တော့မှာပါ။