ပွဲပြီးခါနီး ရက်ဖို့ဒ် သွင်းဂိုးကြောင့် အိုးထရက်ဖို့ဒ်မှာ အသက်ဝင်ပြီး မန်ယူတို့ ပျော်ခဲ့ရတဲ့ ည
မန်ယူနည်းပြရန်နစ်ဟာ ဒီည ဝက်စ်ဟမ်းနဲ့ ပွဲမှာတော့ ပုံစံတစ်မျိုးပြောင်းကာ ၄-၂-၃-၁ပုံစံကို ခင်းကျင်းလာခဲ့ပြီး စီရော်နယ်ဒိုကို တိုက်စစ်မှာ တစ်ဦးတည်း အထောင်ထားကာ အီလန်ဂါ၊ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး ဖရက်ဒ်နဲ့ တွမ်မီနေး ကွင်းလယ်ကို အသုံးပြုကာ နောက်တန်းမှာ မက်ဂွဲရားလည်း ပွဲထွက်ကစားခဲ့ပါတယ်။
ဝက်စ်ဟမ်းကလည်း အန်တိုနီယို၊ ဘိုဝင်၊ လန်ဇီနီ၊ ဖော်နယ်စ်တို့ရဲ့ တိုက်စစ်နဲ့ ပွဲထွက်လာခဲ့ပြီး ဆိုချော့စ်၊ဇူးမားတို့လည်း ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ပွဲစတယ်ဆိုတာနဲ့ မန်ယူက လျင်လျင်မြန်မြန် တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲအစ ၄ မိနစ်မှာပဲ မန်ယူတို့ ဂိုးရဖို့ အနီးစပ်ဆုံး အခွင့်အရေး ရရှိခဲ့ပေမဲ့ ဂရင်းဝုဒ်တို့ စီရော်နယ်ဒိုကို ထိုးပေးရမဲ့အစား တစ်ကိုယ်ကောင်းဆန်ခဲ့လို့နစ်နာခဲ့ရပါတယ်။ ဝက်စ်ဟမ်းကတော့ ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်တွေနဲ့ပဲ မန်ယူကို ရင်ဆိုင်ခဲ့တာပါ။
ဒီပွဲမှာ ဝက်စ်ဟမ်းရဲ့ ခံစစ်ကြောင်းက တော်တော်လေး ကျစ်လျစ်မာကျောပြီး မန်ယူတို့ ထိုးဖောက်ရခက်နေခဲ့ပြီး ဘယ်လိုအခွင့်အရေးမှ မရခဲ့ပါဘူး။ အထူးသဖြင့် ကွင်းလယ်မှာ ဒီလန်ရိုက်က မန်ယူတိုက်စစ်ကိုတစ်ယောက်တည်း ဒိုင်ခံဖြတ်ထုတ်နေခဲ့ပြီး ခြေစွမ်းပြခဲ့လို့လည်း မန်ယူတိုက်စစ် အခက်ကြုံတွေ့နေခဲ့ရပါတယ်။
ဝက်စ်ဟမ်းကလည်းခံစစ်သာ ကျစ်လျစ်ပြီး တန်ပြန်တိုက်စစ်တွေက ထိရောက်မှု မရှိတာကြောင့် ပထမပိုင်းကတော့ နှစ်သင်းစလုံးရဲ့ တိုက်စစ်က စုတ်ပြတ်နေခဲ့လို့ ပျင်းစရာကောင်းနေခဲ့ပြီး နှစ်သင်းလုံး ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့ပါဘူး။

ဒုတိယပိုင်း ပွဲချိန် ၆၂ မိနစ်မှာ မန်ယူတို့ အီလန်ဂါကိုထုတ်ပြီး ရက်ဖို့ဒ်ကို ထည့်သွင်းကာ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူတိုက်စစ်က ထူးခြားလာခြင်း မရှိဘဲ ဂိုးရဖို့ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ဒီလိုနဲ့ ပွဲပြီးတော့မယ်လို့ထင်မှတ်ခဲ့ရပေမဲ့ ပွဲပြီးခါနီးမှ မန်ယူတို့ တိုက်စစ် တရစပ် မြှင့်တင်လာခဲ့ပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ လူစားဝင် ကစားသမား ရက်ဖို့ဒ်က မန်ယူအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာတက်လာတဲ့ မန်ယူတို့ စိတ်ဓာတ် တက်လာပြီး လမ်းကြောင်းမှန်ပေါ် ပြန် တက်လာဖို့ မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။