VAR ကိုပဲ ယုံလိုက် ဆိုတဲ့ အရှုံးသမား မိုယက်စ်၊ မန်ယူပစ်မှတ်များ၊ ရူဒီဂါနဲ့ ယနေ့ နံနက်ခင်း သတင်းများ

မန်ယူ နည်းပြ ရန်နစ်က ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ နိုင်ပွဲရရှိခဲ့ပေမဲ့ မိမိအနေနဲ့ ပျော်ရွှင်ခြင်းမရှိကြောင်း၊ မိမိတို့အသင်းရဲ့ ခံစစ်ကြောင်းက ကောင်းမွန်ခဲ့ပြီးပြိုင်ဘက်ကို အခွင့်အရေးများများစားစား မပေးခဲ့ပေမဲ့ အသင်းရဲ့ ကစားပုံကတော့ တိုးတက်ဖို့ လိုနေသေးကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူနဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဝက်စ်ဟမ်း အသင်းရဲ့ နည်းပြ ဖြစ်သူ ဒေးဗစ် မိုယက်စ် က ရက်ဖို့ဒ်ရဲ့ ဂိုး ကို သူ နောက်တစ်ကြိမ် မကြည့်ဖြစ်ခဲ့ကြောင်း၊ VAR အပေါ် ယုံကြည်သင့်ကြောင်း ဆိုခဲ့ပြီး ပွဲရလဒ်အတွက် စိတ်ပျက်ခဲ့မိတယ်လို့ ပြောခဲ့လိုက်ပါတယ်။

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကတော့အသင်းနဲ့ စာချုပ်သက်တမ်း တိုးနိုင်တဲ့အကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ သူ့ အနေနဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး အမြဲတမ်းသစ္စာရှိကြောင်း၊ အသင်းနဲ့သူ့အကြား ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ဆိုခဲ့ပါတယ်။ ရူဒီဂါအနေနဲ့ မိသားစု အထိုင်ကျနေတဲ့ လန်ဒန်ကနေ မပြောင်းလိုတာကြောင့် ချဲလ်ဆီးနဲ့ သက်တမ်းတိုးဖွယ် ရှိကြောင်းလည်း သိရပါတယ်။

အာဆင်နယ်အနေနဲ့ ကိုဗစ်ရောဂါကြောင့် ပစ်မှတ်ထားနေတဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ရာ စိုးရိမ်စရာကောင်းလာခဲ့ပါပြီ။ ကစားသမားနှစ်ယောက် ကိုဗစ်ကူးစက်ခဲ့တယ်လို့ ဖီအိုဘက်ကနေ ထုတ်ပြန်ခဲ့ပြီး ဗလာဟိုဗစ်အနေနဲ့လည်း ဂယ်ဂလီယာရီနဲ့ပွဲစဉ်လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

လီဗာပူး နည်းပြ ယာဂင်ကလော့က အသင်းရဲ့ ဒုတိယဂိုးသမား ဖြစ်သူ ကယ်လယ်ဟာ ကို နောက်လ ချဲလ်ဆီးနဲ့ ကစားသွားရမယ့် ကာရာဘောင်ဖလား ဖိုင်နယ် ပွဲစဉ်မှာ ပွဲထွက် ကစားစေမှာ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

ဘရန့်ဖိုဒ့်အသင်းဟာ သူတို့အသင်း နည်းပြ ဖရန့် သောမက်စ်ကို ၂၀၂၅ ခုနှစ်ထိ ရှိနေမယ့် သက်တမ်းတိုး စာချုပ်ရှည် ပေးမှာဖြစ်ပါတယ်။ ဖရန့်ဟာ ဘရန့်ဖိုဒ့်ကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ထံ တန်းတက်လာဖို့ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သလို ဒီရာသီ အဆင့်မြင့်တန်းလိဂ်မှာလည်း အကောင်းဆုံး ပဲ့ကိုင်ပေးထားပါတယ်။

မန်ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်ကို ဖြည့်ရမယ်လို့ ယုံကြည်နေမှုနဲ့အတူ ဘယ်လင်ဟမ်၊ ကာမာရာ၊ ဟိုင်ဒရာတို့လို ကြယ်ပွင့်တွေ ပါဝင်တဲ့ လူစာရင်းတစ်ခု ပြုလုပ်ပြီး အပြောင်းအရွှေ့ကနေ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

မနေ့ညက ပွဲမှာ မန်စီးတီးက ဆောက်သမ်တန်ကို သရေကျသွားတာကြောင့် လီဗာပူးထက် ၂ပွဲပို ကစား၊ ၁၂ မှတ်သာ ကွာဟလာပါတယ်။ တကယ်လို့ လီဗာပူးသာ လက်ကျန် ၂ ပွဲကို အနိုင် ကစားရင် ၆ မှတ်သာ ကွာတော့မှာ ဖြစ်လာပါတယ်။

အာဆင်နယ်ကွင်းလယ်လူဟောင်း ရမ်းဆေးဟာ ဇန်နဝါရီဈေးကွက်မှာပဲ ပရီးမီးယားလိဂ်ကို ပြန်လာနိုင်ပြီး လက်တလော ဂျူဗင်တပ် လေ့ကျင့်ရေးတွေမှာ ပါဝင်လာခြင်း မရှိတော့ပါဘူး။

ပီအက်စ်ဗီ အသင်းဟာ လီဗာပူး နောက်ခံလူ နက်ဖီးလစ်ကို အငှားနဲ့ ခေါ်ယူရေး ချိတ်ဆက်မှု လုပ်ခဲ့ပေမယ့် လီဗာပူးအသင်း ဘက်က အပြီးသတ် ရောင်းချဖို့သာ စိတ်ဝင်စားနေတာကြောင့် နောက်ဆုတ်ခဲ့ရပါတယ်။

နိုက်စ်ဟာ စပါးတောင်ပံကစားသမား ဘရိုင်ဘန်ဂီးလ်ကို အငှားခေါ်ယူဖို့ စောင့်ကြည့်နေပြီး လူငယ်ကစားသမားဟာ ကစားချိန်ပိုရဖို့ လီဂူးဝမ်းထံ ယာယီပြောင်းရွှေ့နိုင်ဖွယ်ရှိပါတယ်။