အမြဲတမ်း နည်းပြ နေရာအတွက် ဆန်ခါတင် ၄ဦး၊ ကာမာရာ၊ ဘစ်ဆိုမာ၊ လင်ဂတ်နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီကုန်လို့ ရန်းနစ် ထွက်ခွာရင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ နည်းပြ ၄ ဦးကို ဆန်ခါတင် ပစ်မှတ် ထားနေကြောင်း သိရပါတယ်။

မန်ယူ က အမြဲတမ်း နည်းပြ ရာထူးအတွက် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို၊ စပိန်နည်းပြ အင်းနရစ်၊ အေဂျက်ဇ်နည်းပြ တန်ဟတ်နဲ့ ဆီဗီးလ်နည်းပြ လိုပီတီဂူတို့ကို ဆန်ခါတင် သတ်မှတ်ထားတာပါ။

မန်ယူအနေနဲ့ ပြင်သစ်ကလပ် မာဆေးကွင်းလယ်လူ ကာမာရာကို ခေါ်ယူဖို့ ရေပန်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရာသီကုန်မှာ အလွတ်နဲ့ ခေါ်ယူနိုင်မဲ့ အဆိုပါကစားသမားကို ဘာစီလိုနာ၊ ရီးရဲ၊ နယူးကာဆယ် တို့ထက် လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ဖို့ ရှိနေတာပါ။ ကာမာရာကတော့ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းခွဲ အလိုရှိနေပါတယ်။

မန်ယူ ကစားသမားဟောင်း ရွိုင်ကိန်းကတော့ ဒီရာသီမှာ မန်ယူအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလိမ့်မယ်လို့ အသေအချာ ဆိုလိုက်ပါတယ်။ မန်ယူအနေနဲ့ အဆင့်လေး အတွင်း ဝင်မလားလို့ အမေးခံခဲ့ရာမှာ ရွိုင်ကိန်းက “သံသယဖြစ်စရာ မလိုပါဘူး။ မန်ယူရဲ့လူစာရင်းက တောင့်တင်းပါတယ်” လို့ ပြောဆိုခဲ့တာပါ။

ဂျင်မီ ရက်နက်ကလည်း မန်ယူ၊ အာဆင်နယ်၊ စပါး၊ ဝက်စ်ဟမ်း အသင်းတို့ထဲကမှ မန်ယူအသင်းသာ အဆင့် ၄ နေရာ ယူသွားမယ်လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

နယူးကာဆယ် အသင်းဟာ လက်ကျန် ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူ တိုက်စစ်ကစားသမား လင်ဂတ်ကို အရ ခေါ်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ကာဆယ်က လင်ဂတ်ကို အငှားနဲ့ခေါ်ယူဖို့ ပေါင်၁၀ သန်း နဲ့ ကမ်းလှမ်း သွားမှာဖြစ်ကြောင်း သိရပါတယ်။

မန်ယူနည်းပြ ရန်နစ်က ရက်ဖို့ဒ်အနေနဲ့ အခုဆိုရင် အရန်ခုံကနေ ထလာပြီး ၂ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ကြောင်း ထောက်ပြလိုက်ပြီး တကယ်လို့ လက်ရှိပုံစံကို ဆက်ထိန်းထားပြီးဂိုးတွေ သွင်းနိုင်မယ် ဆိုရင် ပွဲထွက်ခွင့် ပြန်ရလာမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က သူ့အသင်းဟောင်း ရွန်းနီအနေနဲ့ အဲဗာတန်နည်းပြရာထူးကို တာဝန်ယူနိုင်မှာ ဖြစ်ကြောင်း၊ ရွန်းနီဟာ ဒါဘီနဲ့အတူ ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်ခဲ့လို့ အတွေ့အကြုံ ကောင်းတွေ ရှိနေကြောင်း ဆိုခဲ့ပါတယ်။

နယူးကာဆယ်အနေနဲ့ မန်ယူပစ်မှတ်ထားနေတဲ့ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆိုမာကို အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းလာ နေပါတယ်။