အဆိုးဆုံး ခေါ်ယူမှု လူကာကူ၊ အဆန်စီယို၊ ကွန်ဒီကို ဆက်ချိန်နေခြင်းနဲ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ

ချဲလ်ဆီး ကစားသမားဟောင်းကြီး ခရစ္စဆက်တန်ကတော့ ပြီးခဲ့တဲ့နွေ ပရီးမီးယားလိဂ်ရဲ့ အဆိုးဆုံး ကစားသမား ခေါ်ယူမှုကတော့ လူကာကူပဲ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီး အနေနဲ့ ကာလရှည်ပစ်မှတ်ထားနေတဲ့ လာလီဂါကလပ် ဆီဗီးလ်နောက်ခံလူ ကွန်ဒီကို စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ တကယ်လို့ ရူဒီဂါကို သက်တမ်းတိုးနိုင်ခြင်း မရှိပါက ချဲလ်ဆီးအနေနဲ့ ကွန်ဒီ လာမဲ့ နွေရာသီမှာ ထပ်မံကြိုးပမ်း သွားဦးမှာဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့အပြိုင် ရီးရဲမက်ဒရစ်ကွင်းလယ်တိုက်စစ် အဆန်စီယိုကို စိတ်ဝင်စား နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ချဲလ်ဆီးအနေနဲ့တိုက်စစ်ပိုင်းကို အားဖြည့်လိုနေတယ်လို့ သိရပြီး နွေရာသီမှာ ရီးရဲကနေ ထွက်ခွာနိုင်တဲ့ အဆန်စီယိုရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိနေတာပါ။

စပါးနဲ့ပွဲမှာ တိုက်စစ်မူှး လူကာကူအနေနဲ့ ခြေစွမ်းကောင်းကို ပြသခဲ့ကြောင်း၊ သူက စိတ်ချရတဲ့ ကစားသမားဖြစ်ခဲ့ပြီး အသင်းရဲ့နိုင်ပွဲမှာ ကြီးမားတဲ့ အစိတ်အပိုင်းဖြစ်ခဲ့ကြောင်း၊ ဒါက သူ့အတွက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ကြောင်း ချဲလ်ဆီးနည်းပြ တူချယ်က ချီးကျူးခဲ့ပါတယ်။

မန်စီးတီး ကစားသမားဟောင်း မီကာရစ်ချတ်က စပါးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဇီယက်ချ်ကို ချီးကျူးခဲ့ပြီး ဒါက အေဂျက်ဇ်က ဇီယက်ချ်ကို ပြန်မြင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ချဲလ်ဆီးအသင်းကစားကွက်မှာ သူ့ရဲ့ အကောင်းဆုံးနေရာက ဘယ်နေရာလဲ ဆိုတာ ဇီယက်ချ် အနေနဲ့ မသိရှိခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ချဲလ်ဆီးနောက်ခံလူ အက်ပီကျူတာကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အက်ပီကျူတာရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။

ချဲလ်ဆီးအနေနဲ့ လိုင်ယွန်ကို အငှားချထားတဲ့ နောက်ခံလူ အီမာဆင်ကို ပြန်ခေါ်နိုင်ဖို့ နောက်ဆုံးအကြိမ် ကြိုးပမ်း သွားဦးမှာဖြစ်ကြောင်း လန်ဒန်သတင်းဌာနက ဖော်ပြထားပါတယ်။ချဲလ်ဆီးအနေနဲ့ ဘယ်နောက်ခံပြဿနာကို ဖြေရှင်းဖို့ အီမာဆင်ကို ပြန်ခေါ်ဖို့ ကြိုးပမ်းနေပေမဲ့ လိုင်ယွန်က လက်လွှတ်လိုခြင်း မရှိတာပါ။