မှတ်တမ်းဆိုးနဲ့ မက်ဆီ၊ မာရှယ် ကို ထောက်ခံတဲ့ ဖာဒီနန်၊ ဝိုက်နယ်ဒန်၊ ဒမ်ဘီလီနဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုး မာရှယ် ဟာ ဆီဗီလာအသင်းနဲ့ ဆေးစစ်ချက် အောင်မြင်ခဲ့သလို တရားဝင် အငှားပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူ ကစားသမားဟောင်း ဖာဒီနန်က မာရှယ်အနေနဲ့ ဆီဗီးလ်ကို ပြောင်းရွှေ့သွားတာ မှန်ကန်တယ်လို့ ထောက်ခံ လိုက်ပါတယ်။ မာရှယ်ဟာ ပုံမှန်ပွဲထွက်ကစားဖို့ လိုအပ်နေတယ်လို့ ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း မော်ရစ်ကတော့ တိုက်စစ်မှူး အေဘရာဟမ် ကို ထွက်ခွာခွင့်ပြုခဲ့တဲ့ ချဲလ်ဆီးကို ဝေဖန်ခဲ့ပြီး အေဘရာဟမ် ဟာ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်ကြောင်း၊ သူဟာ လူငယ်တစ်ယောက် မဟုတ်တော့ဘဲ ဘယ်အသင်းမှာမဆို ဂိုးတွေ သွင်းယူနိုင်သူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းကလည်း နည်းပြဟောင်း ရာနီရေးရီကို ထုတ်ပယ်ခဲ့ပြီးနောက် ချက်ချင်းဆိုသလို ဝါရင့်နည်းပြ ရွိုင်းဟော့ဆန်ကို တရားဝင် ပြန်လည် ခန့်အပ်လိုက်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ ဂိုးသွင်းမသေချာဆုံး ဒုတိယမြောက် ကစားသမား အဖြစ် ရပ်တည်နေပါတယ်။

မက်ဆီဟာ ဒီရာသီ ပီအက်စ်ဂျီမှာ ပြင်သစ်လီဂူးမှာဂိုးပေါက်ကန်သွင်းချက် ၄၄ ကြိမ် ပြုလုပ်ထားခဲ့ရာမှာ ၁ ဂိုးသွင်းယူထားနိုင်ခဲ့တာပါ။ ဒါကြောင့် မက်ဆီဟာ မန်စီးတီးနောက်ခံလူ ကန်ဆယ်လိုပြီးရင် အဆိုးရွားဆုံးအဖြစ် ရှိနေတာပါ။

ပေါ်တို အသင်းနည်းပြဟောင်း ဗစ်တာ ပါရဲရားဟာ အဲဗာတန် နည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေပြီး အသင်းတာဝန်ရှိသူအချို့နဲ့လည်း လန်ဒန်မှာလာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာဟာ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း တိုက်စစ်မှုးသစ် တစ်ယောက် ခေါ်ယူပေးဖို့ အသင်းပိုင်ရှင်တွေထံ တိုက်ရိုက်တွေ့ဆုံ တောင်းဆိုခဲ့ကြောင်း သတင်းထွက်ထားပါတယ်။ အာဆင်နယ်ရဲ့ အဓိက ပစ်မှတ် ဗလာဟိုဗစ်ကတော့ ဂျူဗင်တပ်နဲ့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်း တိုက်စစ်မှုး ဒမ်ဘီလီဟာ လက်ရှိ ကလပ်မှာသာ ဆက်လက်နေလိုနေသလို အသင်းဥက္ကဌ လာပေါ်တာနဲ့ တိုက်ရိုက်တွေ့ဆုံခွင့် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ မာရှယ်နဲ့ လင်ဂတ်တို့ကို ထွက်ခွါခွင့် ပြုထားပေမယ့် ကွင်းလယ်လူ ဗန်ဒီဘိခ်ကိုတော့ နည်းပြ ရန်းနစ်က ဆက်လက် ထိမ်းသိမ်းသွားလိုနေပါတယ်။

တော့တင်ဟမ် စပါး အသင်းဟာ ပေါ်တိုကြယ်ပွင့်တိုက်စစ်ကစားသမား ဒီအာ့ဇ်ကို ပေါင် ၃၇.၆ သန်းနဲ့ ပထမဆုံး အကြိမ် အဖြစ် စတင်ကမ်းလှမ်းထားကြောင်း သိရပါတယ်။

လီဗာပူးလ် ကွင်းလယ်လူဟောင်း ဝိုက်နယ်ဒန်ဟာ လက်ရှိ ကလပ် ပီအက်စ်ဂျီမှာ ခြေစွမ်းပြသဖို့ ရုန်းကန် နေရတာကြောင့် အာဆင်နယ် အသင်းထံ အငှားလာ ကစားဖို့ များနေပါတယ်။