တူချယ်နဲ့ တိုက်စစ်သမားတွေကြား မပြေလည်မှု၊ ဆူလေ၊ အဲလက်ဆန်ဒရိုနဲ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ

လူကာကူ တင် မကဘဲ ချဲလ်ဆီး တိုက်စစ် ကစားသမားတွေဟာ နည်းပြတူချယ်ရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေကြကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အထူးသဖြင့် တူချယ်အနေနဲ့ မီဒီယာတွေထက်မှာ ကစားသမားတွေကို ဝေဖန်နေတာ ကိုလည်း ကစားသမားတွေအနေနဲ့ သဘောမကျဖြစ်နေတာပါ။

လာမဲ့နွေရာသီမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာတော့မဲ့ နောက်ခံလူ ဆူလေကို ချဲလ်ဆီးက ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဆူလေကို ခေါ်ယူဖို့ပြီးခဲ့တဲ့ နွေရာသီကတည်းက ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းဟာ ဂျူဗင်တပ် နောက်ခံလူ အဲလက်ဆန်ဒရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အီတလီ သတင်းဌာန က ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ဘင်ချီဝဲလ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဈေးကွက်အတွင်း ကစားသမားသစ် ရှာဖွေမှုပြုလုပ်သွားမှာပါ။

အဲဗာတန် ပရိသတ်တွေကတော့ နည်းပြသစ်အဖြစ် ဗစ်တာ ပါရဲရားကို မခန့်အပ်ဘဲ ချဲလ်ဆီး နည်းပြဟောင်း လမ်းပတ် ကိုသာ ခန့်အပ်ဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဖီနာဘာချီနည်းပြဟောင်း ပါရဲရားကတော့ သူ့အပေါ် ဆန္ဒပြမှုတွေကြောင့် ဝမ်းနည်းမိကြောင်း ဖွင့်ဟခဲ့ပါတယ်။ လမ်းပတ် ဟာ ချဲလ်ဆီးကနေ ထုတ်ပယ်ခံရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေပြီး အဲဗာတန်ကိုနည်းပြဖို့စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ပူလီဆစ်က သူ့အနေနဲ့ ကစားချင်တဲ့ နေရာမှာ အမြဲတမ်း မကစားရဘူးလို့ ဖွင့်ဟ လိုက်ပြီး ဒါပေမဲ့ အသင်းကို ကူညီနိုင်ဖို့ ဆိုရင် ဘာမဆို လုပ်ဆောင်သွားမှာ ဖြစ်ပြီး လာမဲ့ သီတင်းပတ်တွေ အတွင်း ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။

ဆောက်သမ်တန်အနေနဲ့ ချဲလ်ဆီးကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဘရိုဂျာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ဖာဘရီဇီယိုက ဖော်ပြထားပါတယ်

ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီအနေနဲ့ အသင်းကနေ ထွက်ခွာလိုခြင်း မရှိကြောင်း သိရပါတယ်။ ဒမ်ဘီလီရဲ့ အေးဂျင့်ကတော့ သူ့ကစားသမား က ဘာစီလိုနာနဲ့ သက်တမ်းတိုးချင်တဲ့ အကြောင်း နည်းပြ ဇာဗီနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။