သူ့ကို ယူရို ၇၅ သန်း လို့ ဈေးသတ်မှတ်ခဲ့တဲ့ Transfermarket ကို ဘလော့ထားတဲ့ ရော်နယ်ဒို

မန်ယူ ကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်လ်ဒို က သူရဲ့ တန်ကြေး က ယူရို ၇၅ သန်းလို့ ဈေး သတ်မှတ်ထားအပေါ်မှာ သဘောကျခြင်း မရှိခဲ့တဲ့အတွက် နာမည်ကျော် ဘောလုံးအချက်အလက် ဝက်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ Transfermarket ရဲ့ အင်စတာဂရမ်ကို ဘလော့ ထားခဲ့ပါတယ်။ ဒါကို Transfermarket ရဲ့ ညှိနှိုင်းရေးမှူးက The Athletic မှာ ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် မတ်လက Transfermarket ဝက်ဆိုက်ဒ်ရဲ့ အင်စတာဂရမ်ပေါ်ကနေ ကမ္ဘာကျော် ဘောလုံးစူပါအေးဂျင့် ဂျော့မန်ဒက်စ်နဲ့ပတ်သက်ပြီး သူကိုင်တွယ်နေတဲ့ ကစားသမားတွေထဲကမှ တန်ဖိုးအမြင့်မားဆုံး ကစားသမား(၁၁)ဦး အကောင်းဆုံးအသင်းအဖြစ် ရွေးချယ်လာခဲ့ရာ အဲ့ဒီအချိန်က ဂျုဗင်တပ်စ်အသင်းမှာ ရှိနေတဲ့ ရော်နယ်လ်ဒိုလည်း တိုက်စစ်နေရာမှာ ရွေးချယ်သွားခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်လ်ဒိုရဲ့ တန်ကြေးနေရာမှာ ယူရို(၇၅)သန်းလို့ ဖော်ပြထားတဲ့အပေါ် ရော်နယ်လ်ဒိုက သဘော ကျခဲ့ခြင်း မရှိပဲ Transfermarket ရဲ့ အင်စတာဂရမ်ဆီကို စာတွေပို့လာခဲ့သလို အပြန်အလှန် စကားပြောဆိုပြီးတဲ့ နောက်မှာ သူတို့ကို Block သွားခဲ့တာလို့ သိရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး Transfermarket ရဲ့ ညှိနှိုင်းရေးမှူး ခရစ္စတီယန်က “ကျွန်တော်တို့တွေဆီကို ရော်နယ်လ်ဒိုက သူရဲ့တန်ကြေးနဲ့ ပတ်သက်ပြီး စာတစ်စောင် စတင်ပို့လာခဲ့တယ်။ ကျွန်တော်တို့တွေဘက်ကလည်း သူသိချင်တာကို ပြန်ဖြေ ဘာကြောင့် ဒီလိုသတ်မှတ်ခဲ့သလဲဆိုတာ ပြန်ရှင်းပြတယ်။

နောက်ပြီးတော့လည်း ခင်ဗျားနဲ့ အသက်အရွယ် တတန်းတည်းဖြစ်နေတဲ့ ကစားသမားတွေထဲမှာ ခင်ဗျားက နံပါတ်တစ် နေရာနဲ့ အပြတ်အသတ် ရှိနေပါတယ်လို့လည်း သူ့ကို ပြောပြခဲ့သေးတယ်။ ရွေးချယ်ထားတဲ့ စာရင်းထဲမှာလည်း ရော်နယ်လ်ဒိုထက် တန်ကြေး သာလွန်နေတာက အနည်းငယ်ပဲ ရှိပြီးတော့ ပေါင်သန်း(၃၀) (၅၀)လောက်ပဲ ကွာခြားတာလို့ ထင်ပါတယ်။

သူက နောက်တော့ ကျွန်တော်တို့ဆီကို အပြုံး စတစ်ကာလေးတွေ ပို့လာတယ်။ ပြီးတော့ ကျွန်တော်တို့ကို Block သွားပါတော့တယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

တကယ်တော့ ရော်နယ်လ်ဒိုဟာ Transfermarket ကနေ ပြုလုပ်ထားတဲ့ ဂျော့မန်ဒက်စ်ရဲ့ တန်ဖိုးအမြင့်ဆုံး ကစားသမား ၁၁ ဦး စာရင်းမှာ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ အီဒါဆန်တို့ရဲ့နောက် ဒုတိယ တန်ကြေး အမြင့်ဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် ရော်နယ်လ်ဒိုကိုယ်တိုင်ကတော့ ဒီသတ်မှတ်မှုအပေါ်မှာ နှစ်သက်ခဲ့ခြင်း မရှိခဲ့ပါဘူး။

လက်ရှိမှာတော့ Transfermarket က မကြာခင်မှာ အသက်(၃၇)နှစ်ပြည့်တော့မယ့် ရော်နယ်လ်ဒိုကို တန်ကြေး ယူရို(၃၅)သန်းသာ သတ်မှတ်ထားပြီး အမြင့်မားဆုံးအဖြစ် ယူရိုသန်း(၁၂၀)အထိ ၂၀၁၄ နဲ့ ၂၀၁၈ နှစ်တွေမှာသာ သတ်မှတ်ပေးခဲ့ပါတယ်။