ဒိုင်ဘားလားနဲ စီးတီး၊ ချမ်ဘာ၊ ဂိုဆန်၊ ဂူမာရက်စ် တို့ အပြီးသတ် ခေါ်ယူမှုတွေနဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

မန်စီးတီးဟာ ဂျူဗင်တပ်နဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေ ဖြစ်နေတဲ့ အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘားလားကို ခေါ်ယူဖို့ စတင် ကြိုးပမ်းလာကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အဲဗာတန်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ လော့တပ်ချိစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ဒါပေမဲ့ ချဲလ်ဆီး နည်းပြတူချယ်ကတော့ လော့တပ်ချိစ်ကို ရောင်းထုတ်မှာမဟုတ်ဘဲ အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမှာပါ။

အက်စ်တွန်ဗီလာအသင်းဟာ အာဆင်နယ် အသင်းနောက်ခံလူ ကာလန် ချမ်ဘာ ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ချမ်ဘာကို ဗီလာက အလွတ်ပြောင်းရွေ့ကြေးနဲ့ ရလိုက်ပြီး (၃)နှစ်ခွဲစာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ဗီလာ အသင်း ကွင်းလယ်ကစားသမား လူးဝစ်ဇ်ဟာ လက်ရှိ ကလပ်နဲ့သာ စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး အာမတ် ဒီရယ်လိုဟာ လက်ရှိ စီနီယာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရဖြစ်နေတာကြောင့် ရိန်းဂျားအသင်းထံ ရာသီကုန်အထိ အငှားပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ အမေရိကန် လက်ရွေးစင် ဂိုးသမား တူနာကို ခေါ်ယူဖို့ အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း မိခင်ကလပ် အသင်းနည်းပြ အာရီနာက ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါး အသင်းကတော့ ၎င်းတို့ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အန်ဒွန်ဘီလီကို ပီအက်စ်ဂျီ အသင်းထံ အငှားစေလွှတ်နိုင်မယ် လို့ ယုံကြည်နေပါတယ်။

လီဗာပူးနောက်ခံလူ နက်ဖီးလစ်အနေနဲ့ အနည်းဆုံး ပရီးမီးယားလိဂ်ကလပ်နှစ်သင်းက စိတ်ဝင်စားနေပါတယ်။ လီဗာပူး ကတော့ နက်ဖီးလစ်အတွက် နုယူးကာဆယ်ရဲ့ကနဦးအငှားနဲ့ အပြီးသတ် ဝယ်ယူခွင့်ပါတဲ့ ကမ်းလှမ်းမှု အပြင် ဝက်ဖို့ဒ်ရဲ့ ပေါင် ၇ သန်းနဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားတာပါ။

စီးရီးအေကလပ် အင်တာမီလန် အသင်းဟာ အတ္တလန္တာ အသင်းရဲ့ ကွင်းလယ်ဘယ်အစွန်လူ ရော်ဘင် ဂိုဆန် ကို ရာသီကုန်အထိ အငှားခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

နယူးကာဆယ် အသင်းဟာ လိုင်ယွန် အသင်း ကွင်းလယ်ကစားသမား ဘရူနို ဂူမာရက်စ်ကို ပေါင် ၃၃ သန်းနဲ့ ခေါ်ယူဖို့ ကြိုတင် သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။

အင်တာကွင်းလယ်လူဟောင်း အဲရစ်ဆင် နဲ့ ဘရတ်ဖို့ဒ်အသင်းတို့ကြား အပြောင်းအရွှေ့စာချုပ်ဟာ ယခုအပတ်အတွင်း အပြီးသတ် အကောင်အထည်ပေါ်လာနိုင်ဖွယ် ရှိပါတယ်။

ဗလင်စီယာအသင်းရဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမား ဒန်နီရယ်ဝက်စ်ဟာ အသက်လက်တီကို မက်ဒရစ်အသင်းဆီကို ယူရို(၂.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

ဂျူဗင်တပ် အသင်းဟာ ဖီအိုရင်တီးနား အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်ကို ပေါင် ၆၂ သန်းနဲ့ ခေါ်ယူဖို့ ကာယကံရှင်နဲ့ ကြိုတင် သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ အာဆယ်နယ်ကတော့ ဗလာဟိုဗစ်ကို လက်လျှော့ခဲ့ရပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ကာလရှည်ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်ကြောင်း မန်ချက်စတာ ညနေခင်းသတင်း က ဖော်ပြထားပါတယ်။ မန်ယူ က နွေရာသီမှာ ဒီလန်ရိုက်ကို ခေါ်မယ်ဆိုရင် ပေါင်သန်း ၁၀၀ ကုန်ကျမှာဖြစ်ပါတယ်။

ရိုးမား အသင်းနည်းပြ မော်ရင်ဟိုကတော့ အာဆင်နယ် အသင်းကွင်းလယ်လူ ဇာခါကို ယခုအပြောင်းအရွှေ့ မပိတ်သိမ်းမှီ ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးစားနေမယ်လို့ သိရပါတယ်။