နည်းပြ ရန်းနစ် အကိုင်အတွယ်တွေကို ကြွေနေလို့ အမြဲတမ်း နည်းပြ ရာထူးခန့်ဖို့ ကြံလာတဲ့ မန်ယူ ဘုတ်အဖွဲ့

မန်ယူ အသင်း ဟာ နည်းပြ ရန်းနစ်ကို ရာသီကုန်ထိသာ ကိုင်တွယ်ဖို့ ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး ထိုကာလပြီးရင် အသင်း အကြံပေး ရာထူးနဲ့ ဆက်ခန့်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် အသင်းသားတွေ အပေါ် ထိန်းချုပ်လာနိုင်တဲ့ ရန်းနစ် အစွမ်းကို မန်ယူ ဘုတ်အဖွဲ့က အထင်ကြီး သဘောကျလာ နေပါတယ်။

ရန်းနစ်ကလည်း အသင်းကို စတင် တာဝန်ယူတည်းက ရာသီကုန်တင် မက ဆက်လက် တာဝန်ယူဖို့ သူ့ဘက်က ဆန္ဒ ရှိကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

ဆိုးရှားကို ထုတ်ပယ်ပြီးနောက် အမြဲတမ်း နည်းပြ ရှာဖွေလို့ အဆင်မပြေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ရန်းနစ်ကို ရေတို အနေနဲ့သာ ရည်ရွယ်ခဲ့တာ ဖြစ်ပြီး ဒီကြားထဲမှာ အမြဲတမ်း ရာထူးအတွက် ဆက်လက် ရှာဖွေ နေခဲ့ပါတယ်။

အေဂျက် နည်းပြ တန်ဟက်နဲ့ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနို တို့ဟာ ရန်းနစ် ထွက်ခွာရင် မန်ယူ နည်းပြ ရာထူး နေရာကို ဆက်ခံကြလိမ့်မယ်လို့ ရေပန်းစားနေပါတယ်။

ဒါပေမယ့် ဒီတလောမှာ အသက် ၆၃ နှစ် အရွယ် နည်းပြ ရန်းနစ်ဟာ မန်ယူ ကို ရလဒ်ကောင်းတွေ ယူဆောင် ပေးလာနိုင်ပြီး ပရီးမီးယားလိဂ် (၈) ပွဲ ကစားပြီးချိန်မှာ (၅) ပွဲ အနိုင်၊ တပွဲသာ ရှုံးနိမ့်ထားကာ FA ဖလားမှာလည်း နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ခံစစ်ပိုင်းမှာလည်း မန်ယူ က လုံးဝ ကျစ်လစ်နေတာ မဟုတ်ပေမယ့် တိုးတက် ကောင်းမွန်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါ့အပြင် အသင်း ကြယ်ပွင့် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ မကျေနပ်တဲ့ အပြုအမူတွေ အပေါ် ရန်းနစ်ရဲ့ လိုက်လျော ဖြေရှင်းမှုတွေ အပေါ်လည်း အသင်း အကြီးအကဲတွေက အထင်ကြီး သဘောကျနေကြတာပါ။

ဒါကြောင့် နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ရန်းနစ်ကို အမြဲတမ်း မန်နေဂျာ ရာထူး ခန့်အပ်ဖို့ မန်ယူ အကြီးအကဲတွေက အလေးအနက် စဉ်းစားနေပြီ လို့ သိရပါတယ်။