ဘားကမ့် ဝင်ပါနေတဲ့ ဗန်ဒီဘိခ် ခြေလှမ်း၊ ပေါ့ဘာနဲ့ ရက်ဖို့ဒ်ကို ချိန်တဲ့ ပီအက်စ်ဂျီနဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာယူနိုက်တက်အနေနဲ့ ရန်းနစ်ကိုပဲ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက် လာပါတယ်။ မန်ယူဘုတ်အဖွဲ့ရဲ့ ရန်းနစ်ရဲ့ စွမ်းောဆင်ရည်တွေကို အထင်ကြီးလျက်ရှိနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းက မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူး ရက်ဖို့ဒ်ကို ခေါ်ယူဖို့ ဆက်လက် ချိတ်ဆက် နေဆဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ က အမ်ဘတ်ပီ ထွက်ခွာရင် ရက်ဖို့ဒ်ကို အစားထိုးဖို့ ရည်ရွယ်နေတာပါ။

ပီအက်စ်ဂျီက ရက်ဖို့ဒ်အပြင် ပေါ့ဘာကိုလည်း ပစ်မှတ်ထားနေဆဲ ဖြစ်ပြီး လာမယ့် နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ မန်ယူက ထွက်လာမယ့် ပေါ့ဘာကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟောင်း ဒင်းနစ်ဘားကမ့်ဟာ သူ့သားမက်ဖြစ်တဲ့ မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ် အနေနဲ့ ပဲလေ့စ်ကို ပြောင်းရွှေ့နိုင်ဖို့ အရေး ကြိုးစားပေးနေပါတယ်။ ဘားကမ့် က သူ့ရဲ့အသင်းဖော်ဟောင်း ဗီအဲရာကို ဆက်သွယ်ပြီး ဗန်ဒီဘိခ် ရဲ့ အပြောင်းအရွှေ့ဖြစ်မြောက်အောင် ဆွေးနွေးလျက်ရှိနေပါတယ်။

မန်ယူ က ကင်းထောက်လွှတ် စောင့်ကြည့် ပစ်မှတ်ထားနေတဲ့ ပေါ်တို တောင်ပံသမား လူးဝစ် ဒီယက်စ် ကို လီဗာပူးအသင်းက ခေါ်ယူနိုင်ဖို့ ရေပန်းစားလာပြီ ဖြစ်ပါတယ်။

မန်ယူ တိုက်စစ်ကစားသမား လင်ဂတ် က ပြင်ပနိုင်ငံတွေကို ထွက်ခွာကစားဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ လင်ဂတ်အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း မန်ယူကနေ ထွက်ခွာနိုင်ဖို့ စီစဉ်လျက်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားက သူ့ဟာ အသင်းခေါင်းဆောင်ဖြစ်တဲ့အတွက် လူငယ် ကစားသမားတွေ ပွဲထွက်ကစားတဲ့အခါ သူတို့ကို ကူညီပေးဖို့ တာဝန်ယူလိုစိတ် ကြီးမားကြောင်း၊ သူတို့ကို စကားပြောပေးဖို့ လိုအပ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူတောင်ပံကစားသမား ဒီရယ်လို ဟာ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းကို ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ရိန်းဂျားစ် က ဒီရယ်လိုကို အငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီး သောကြာနေ့မှာ အတည်ပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ကာလရှည်ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ မန်ယူအနေနဲ့နွေရာသီမှာ ဒီလန်ရိုက်ကို ခေါ်မယ်ဆိုရင် ပေါင်သန်း ၁၀၀ ကုန်ကျမှာပါ။