အာသာ အတွက် ဗီတို သုံးတဲ့ ဘုတ်အဖွဲ့၊ ချန်ဘာစ် နေရာ အစားထိုး ပစ်မှတ်နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ
အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ် ကွင်းလယ်လူ အာသာကို ခေါ်ယူနိုင်ဖို့ ခဲယဉ်းလာခဲ့ပြီဖြစ်ကြောင်း The Athletic က ဖော်ပြထားပါတယ်။ အာသာကို နည်းစနစ်ဒါရိုက်တာ အီဒူးက ခေါ်ယူလိုနေပေမဲ့ အာဆင်နယ် ဘုတ်အဖွဲ့ဝင်တချို့က ဗီတို အာဏာသုံးပြီး ပယ်ချဖို့ ရှိနေတာပါ။
အာဆင်နယ် အနေနဲ့ နောက်ခံလူ ချန်ဘာကို ဗီလာကိုထံ ရောင်းချခဲ့ပြီးနောက် ဗီလာကွင်းလယ်လူ ဒေါက်ကလပ် လူးဝစ်ဇ်ကို ခေါ်ယူဖို့ ပြန်လည် ပစ်မှတ်ထားလာခဲ့ပါတယ်။ ကွင်းလယ်ပိုင်းကို ဖြည့်တင်းဖို့ အာဆင်နည်းပြ အာတီတာရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်နေပါတယ်။
လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ်က အာဆင်နယ်တိုက်စစ်မှုး အူဘာမီယန် အနေနဲ့ အမ်းမရိတ်စ်မှာ သူ့အနာဂတ် ဆက်မြဲချင်တယ် ဆိုရင် စိတ်ထားတွေကို ပြောင်းလဲဖု့ိ လိုအပ်ကြောင်း၊ အဲဒီလိုမှ မဟုတ်ရင် အူဘာမီယန်ကို အသင်းမှာ ပြန်လည် ရွေးချယ်စရာအကြောင်း မရှိကြောင်း ဆိုခဲ့ပါတယ်။

နာမည်ကျော် သတင်းထောက် ဒိန်းဂျုံးစ်ကတော့ အာဆင်နယ်အနေနဲ့ နည်းပြအာတီတာကို စာချုပ်သစ် တိုးမြှင့် ကမ်းလှမ်း ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အာတီတာရဲ့ စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ် ဘက်ကတော့ အာတီတာဟာ အသင်းနဲ့ သင့်တော်တဲ့နည်းပြလို့ ယူဆထားပါတယ်။
အာဆင်နယ်နောက်ခံလူ ချန်ဘာက ဗီလာကို ပြောင်းရွှေ့ခဲ့ခြင်းနဲ့ ပတ်သက်ပြီး “ဗီလာက ခမ်းနားတဲ့ အသင်းကြီးပါ။ ဒါကြောင့် ဗီလာကိုပြောင်းဖို့အတွက်စဉ်းစားစရာ မလိုခဲ့ဘဲ ဒါက ကျွန်တော့်အတွက် မှန်ကန်တဲ့ လုပ်ဆောင်ချက် ဖြစ်ခဲ့ပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။ ချန်ဘာဟာ ဗီလာကို ၃ နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။

အာဆင်နယ်ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားအနေနဲ့ ဂရိနဲ့ အီတလီကလပ်တွေရဲ့ စိတ်ဝင်စာခြင်းကို ခံနေရကြောင်း လန်ဒန်သတင်းဌာန က ဖောြ်ပထားပါတယ်။ ဝီလ်ရှိုင်းယား က အာဆင်နယ်အသင်းမှာ လေ့ကျင့်ခန်း ဆင်းနေပြီး အသင်းသစ် ရှာဖွေဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဖွင့်ဟထားပါတယ်။
ရိုးမားနည်းပြ မော်ရင်ဟိုကတော့ အာဆင်နယ်ကွင်းလယ်လူ ဇာခါ ကို ခေါ်ယူဖို့ ထပ်မံကြိုးပမ်းသွားဦးမှာဖြစ်ကြောင်း သိရပါတယ်။ မော်ရင်ဟိုဟာ ဇာခါ ကို ခေါ်ယူဖို့ သဘောကျနေဆဲဖြစ်ပြီး အာဆင်နယ်အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် ရောင်းချဖို့ မျှော်လင့်နေတာပါ။
လီဗာပူးနောက်ခံလူအင်းနရစ်ကတော့ ပီအက်စ်ဂျီကွင်းလယ်လူ ဝီနယ်ဒမ်အနေနဲ့ သတင်းတွေ ထွက်ပေါ်နေသလို အာဆင်နယ်ကို ပြောင်းရွှေ့သင်ေ့ကြာင်း တိုက်တွန်းခဲ့ပါတယ်။