ဝီလ်ရှိုင်းယား ကို ခေါ်ဖို့ တိုက်တွန်းမှု၊ ဝက်ကင်းစ် ဂျိုနသန် ဒေးဗစ်တို့ ချိတ်နေခြင်းနဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ
အာတီတာအနေနဲ့ အသင်းမှာလေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားကို ပြန်ခေါ်သင့်ကြောင်း အာဆင်နယ် ကစားသမားဟောင်း ဝင်တာဘန်းက တိုက်တွန်းလိုက်ပါတယ်။ ဝီလ်ရှိုင်းယားအနေနဲ့ ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝပြီး အာဆင်နယ်ကို အလွန်ချစ်မြတ်နိုးသူ ဖြစ်ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။
အာဆင်နယ် တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ကတော့ သူ့အသင်းဟောင်းအနေနဲ့ လက်စတာကွင်းလယ်လူ တိုင်လီမန်းစ် ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
တိုက်စစ်မှူး ရှာဖွေလျနေတဲ့ အာဆင်နယ်အနေနဲ့ လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူဖို့ အလိုရှိနေကြောင်း ESPN က ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ ဇန်နဝါရီမှာ တိုက်စစ်မူှးရှာဖွေလျက်ရှိနေပြီးပစ်မှတ် ကစားသမားတွေကို ကြိုးပမ်းရာမှာ မအောင်မြင် ဖြစ်နေတာပါ။

မာဆေးမှာ အငှားနဲ့ ကစားနေတဲ့ နောက်ခံလူ ဆာလီဘာက အာဆင်နယ်မှာတုန်းက အာတီတာရဲ့ နေရာပေးခြင်းကို မခံရတာ မိမိအတွက် စိတ်ပိုင်းဆိုင်ရာ တွန်းအားဖြစ်စေခဲ့ကြောင်း၊ အာဆင်နယ်ကို မပြောင်းခင်က ကစားခွင့်ရမယ်လို့ ယုံကြည်ခဲ့ကြောင်း၊ ဒါပေမဲ့ ယူ-၂၃ အသင်းမှာ ကစားခဲ့ရတာက သူ့အတွက် အနှိမ်ခံနိုင်ခဲ့သလိုဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ် အနေနဲ့ တိုက်စစ်မှူး အူဘာမီယန်အတွက် ဘာစီလိုနာနဲ့ ဂျူဗင်တပ်အသင်းတို့ထံကနေ ချဉ်းကပ်မှုကို ရရှိထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရအာဆင်နယ်ဟာ အူဘာမီယန်ကို ရာသီကုန်အထိ အငှားချဖို့ ဂျူဗင်တပ်၊ ဘာစီလိုနာတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
အာဆင်နယ်ကစားသမားဟောင်း မာတင်ကီအွန်က ကစားပုံကိုပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆိုခဲ့တဲ့ ဂျာကာရဲ့ ဖွင့်ဟချက်ကို ဝေဖန်ခဲ့ပြီး ဂျာကာအနေနဲ့ ကြည့်ရတာ အမှားတွေကနေ သင်ယူနိုင်ပုံမရကြောင်း၊ ဒီ စကားဟာ အာဆင်နယ်အတွက် စိုးရိမ်စရာကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ အက်စတွန် ဗီလာတိုက်စစ်မှူး ဝက်ကင်းစ်ကို ပစ်မှတ်ထားလာပြန်ကြောင်း ESPN က ဖော်ပြထားပါတယ်။ အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးခေါ်ယူဖို့အတွက် ကြိုးပမ်းနေပေမဲ့ ပစ်မှတ်ကစားသမားတွေကို ခေါ်ယူရာမှာ မအောင်မြင်ဖြစ်နေတာပါ။
နယူးကာဆယ်အသင်းဟာ အပြောင်းအရွှေ့ မပိတ်ခင် အမှီ အာဆင်နယ်တိုက်စစ်မှူး အန်ကီတက်ချ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။