ဟာလန်း၊ ဖီးဂျုံးစ်၊ ကလော့ပ်ရဲ့ တိုက်စစ်မှုး ပစ်မှတ်၊ ထရာအိုရေး၊ ချူဝါမန်နီတို့နဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ
ဘာစီလိုနာ အသင်းဟာ ဝုဗ် တောင်ပံကစားသမား ထရာအိုရေးကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ သဘောတူညီမှုမှာ အငှား ကုန်ချိန်မှာ ထရာအိုရေးကို ယူရိုသန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်းထားတယ် လို့လည်း သိရပါတယ်။
ချဲလ်ဆီး နည်းပြဟောင်း ဖရန့်လမ်းပတ်အနေနဲ့ လာမဲ့ ၂၄ နာရီအတွင်း ပရီးမီးယားလိဂ်ကလပ် အဲဗာတန်နည်းပြအဖြစ် တရားဝင် ခန့်အပ်ခံရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ် တောင်ပံ ကစားသမားဟောင်း ပီးနန့်ကတော့ အာဆင်နယ်အနေနဲ့ ဒေါ့မွန်စူပါစတား ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းသင့်ကြောင်း၊ ဟာလန်းဟာ အာဆင်နယ်ကို နောက်တစ်ဆင့်ကိုရောက်ရှိစေမဲ့ကစားသမားဖြစ်ပြီး ထိပ်သီး အသင်းကြီးတွေကို ယှဉ်နိုင်မှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ်အနေနဲ့ ပြင်သစ်ကလပ် ဘော်ဒိုးကိုပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ ဖီးလ်ဂျုံးစ် အင်္ဂလန်ကလပ်တွေ အပြင် ဥရောပကလပ်များစွာကလည်း စိတ်ဝင်စားနေကြပြီး ဒီအထဲမှာမှ ဘော်ဒိုးက ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။

ရီးရဲမက်ဒရစ် တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ရဲ့ မိသားစုဝင်တွေကတော့ ဘေးလ်ကို ရီးရဲကနေ ထွက်ခွာစေ ချင်ကြကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာမော်ရင်ဟို၊ ကလော့၊ ဖာဂူဆန်တို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်မှာ ဂုဏ်ယူဖွယ်ရာ မှတ်တမ်းကောင်း တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ ဒါကတော့ ဂွါဒီယိုလာအနေနဲ့ ပရီးမီးယားလိဂ်မှာရမှတ် ၅၀၀ အမြန်ဆုံး ပြည့်မြောက်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ဂွါဒီယိုလာအနေနဲ့ ရမှတ် ၅၀၀ ပြည့်မြောက်ဖို့ ၂၁၃ ပွဲသာ ကိုင်တွယ်ခဲ့ရတာပါ။

ဝက်စ်ဟမ်းအနေနဲ့ လိဒ်စ်အသင်းရဲ့ တောင်ပံကစားသမား ရာဖင်ဟာကို သာမက ကွင်းလယ်ကြယ်ပွင့် ကီဗင်ဖီးလစ်ကိုပါ စိတ်ဝင်စားမှုရှိလာကြောင်း သိရပါတယ်။ ကီဗင်ဖီးလစ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းကိုပြောင်းလိုနေကြောင်း သိရပါတယ်။
နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဘာစီလိုနာအနေနဲ့ တောင်ပံကစားသမား ဒမ်ဘီလီကို ရှင်းထုတ်ပြီးတာနဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူနိုင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဘာစီလိုနာနဲ့ အူဘာမီနယ်တို့အကြား သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီနောက်ခံလူ ရာမို့စ်အနေနဲ့ အသင်းဟောင်းရီးရဲနဲ့ ယှဉ်ပြိုင်ရမဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ဖို့အတွက် မသေချာဖြစ်နေကြောင်း သိရပါတယ်။ ရာမို့စ်ဟာ လေ့ကျင့်ခန်းဆင်းရင်းကြွက်သားဒဏ်ရာကို ထပ်မံ ခံစားနေရတာ ဖြစ်ပါတယ်။
လီဗာပူးအနေနဲ့ အက်သလက်တီကို တိုက်စစ်မူှး ကန်ဟာအတွက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လီဗာပူးနည်းပြကလော့ က ဘရာဇီးတိုက်စစ်ကစားသမားကို သဘောကျနေတာ ဖြစ်ပါတယ်။
မိုနာကိုအနေနဲ့ ဥရောပထိပ်သီးအသင်းတွေ စိတ်ဝင်စားနေတဲ့ သူတို့ရဲ့ကြယ်ပွင့် ကစားသမား ချူဝါမန်နီ အတွက် အနည်းဆုံး ယူရိုသန်း ၈၀ လိုချင်နေကြောင်း မာကာက ဖော်ပြထားပါတယ်။