လာကာဇက်၊ ပီပီ၊ ဒေါက်ကလပ်လူးဝစ်ဇ်နဲ့ အီဆစ်တို့ မရခဲ့တဲ့ အကြောင်းရင်းတွေနဲ့ အာဆင်နယ် သတင်းများ

အာဆင်နယ် ကွင်းလယ်လူဟောင်း ရမ်ဆေးလ်က ဂျူဗင်တပ်ကနေ ရိမ်းဂျားစ်အသင်းထံ အငှားနဲ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ရမ်ဆေးလ်ကို ကမ်းလှမ်းခဲ့တဲ့အသင်းတွေထဲမှာ အာဆင်နယ်လည်း ပါဝင်တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

လိုင်ယွန်အသင်း ရဲ့ လာမဲ့နွေရာသီ ဦးစားပေးပစ်မှတ်က အာဆင်နယ်တိုက်စစ်မှုး လာကာဇက်ကို ပြန်လည် ခေါ်ယူရေး ဖြစ်ကြောင်း ပြင်သစ်သတင်းတွေက ဖော်ပြထားပါတယ်။ လာကာဇက်ဟာ ရာသီကုန်မှာ အာဆင်နယ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးမြှင့်ဖွယ် မရှိတော့ပါဘူး။

အာဆင်နယ်အနေနဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ တောင်ပံကစားသမား ပီပီကို လက်လွှတ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ပီပီဟာ အာဆင်နယ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ပေမဲ့ အသင်းမှာ ရုန်းကန်နေပြီး အမည်မဖော်လိုတဲ့ စပိန်အသင်း တစ်သင်း အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပီပီကို ခေါ်ယူဖို့ နီးစပ်ခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ် ဂိုးသမားဟောင်းကြီး အယ်မူနီယာဟာ ဒူဘိုင်းမှာ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ အာဆင်နယ်အသင်းထံ လာရောက် ပူးပေါင်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အယ်မူနီယာဟာ အာတီတာနဲ့ စကားတွေပြောခဲ့သလို လက်ရှိ ဂိုးသမားတွေဖြစ်တဲ့ ရမ်ဒေးစ်နဲ့ လီနိုတို့ကိုလည်း အကြံပေးမှုတွေပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ကစားသမား တစ်ဦးမှ အစားထိုးဖို့ မခေါ်ယူနိုင်ခဲ့ဘဲ အူဘာမီးယန်းကို စာချုပ် ဖျက်သိမ်းကာ ဘာစီလိုနာ သို့ ပြောင်းခွင့် ပြုလိုက်တာက ကြီးမားတဲ့ လောင်းကြေးထပ်မှု တစ်ရပ် ဖြစ်တယ်လို့ ဘောလုံး သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

ရီးရဲလ် ဆိုစီဒက်အနေနဲ့ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှုး အီဆစ်အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၇၄.၇ သန်းကို တစ်ပြားမှ မလျှော့ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ အာဆင်နယ်က အီဆစ်အတွက် ပေါင် ၅၈ သန်း သာ ပေးချေလိုခဲ့တာပါ။

အာဆင်နယ်အနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဗီလာကွင်းလယ်လူ ဒေါက်ကလပ်လူးဝစ်ဇ်ကို ချိတ်ဆက် ခဲ့သေးပေမဲ့ မအောင်မြင်ဖြစ်ခဲ့ရပါတယ်။ ဗီလာနည်းပြ ဂျရတ် က အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ သူ့ရဲ့အဓိက ကွင်းလယ်လူကို လက်လွှတ်လိုခြင်း မရှိခဲ့ပါဘူး။