လင်ဂတ်နဲ့ နည်းပြ ရန်နစ်တို့ရဲ့ စကားအရှုပ်အထွေး၊ ကာဗာနီကို မကျေနပ်မှုများနဲ့ ယနေ့ မန်ယူ သတင်းများ
မန်ချက်စတာယူနိုက်တက်နည်းပြ ရန်နစ်က ဂရင်းဝုဒ်ရဲ့ ကိစ္စက လင်ဂတ်ကို ဆက်ထိန်းထားဖို့ အကြောင်းဖန် စေခဲ့ကြောင်း၊ နောက်ပြီး သူတို့အနေနဲ့ တခြားအသင်းတွေနဲ့လည်း သဘောတူညမှု ရယူနိုင်ခြင်း မရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နည်းပြ ရန်နစ်က ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မဲ့ ကွင်းလယ်လူ ပေါ့ဘာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသင်းမှာ ဆက်နေ၊ မနေဆိုတာ ပေါ့ဘာ ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ သူကတော့ ပေါ့ဘာ အနာဂတ်အကြောင်း ခေါင်းထဲမရှိဘဲ အကောင်းဆုံးခြေစွမ်းကို ထုတ်ယူနိုင်ဖို့သာ အာရုံစိုက်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဥရုဂွေးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ ကစားလာခဲ့ပြီးနောက် အနားယူရက်ပိုတောင်းခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီ ရဲ့လုပ်ရပ်ကို မန်ယူပရိသတ်တွေက မကျေမနပ်ဖြစ်နေကြပါတယ်။
ချဲလ်ဆီး ကစားသမားဟောင်း ဂျိုလ်ကိုးကတော့ ဇန်နဝါရီ အပြောင်းအရွှေ့ပြီးနောက် ဒီရာသီ မန်ချက်စတာ ယူနိုက်တက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ မန်ယူအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လမ်းကြောင်းမှန် ပေါ်မှာ ရှိနေဆဲလို့ ဂျိုလ်ကိုးက မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။
မန်ယူ အသင်းခေါင်းဆောင် မက်ဂွဲရားကတော့ အသင်းအပေါ် နည်းပြရန်နစ်ရဲ့ သက်ရောက်မှုကို ချီးကျူးခဲ့ပြီး ရန်နစ်ဟာ အသင်းအပေါ် ခြားနားအရာတွေ ယူဆောင်လာကြောင်း၊ ရန်နစ်လက်ထက်မှာ သူတို့ဟာ ဂိုးတွေများစွာ ခွင့်မပြု ရတော့ကြောင်း၊ အသင်းရဲ့လုပ်အားနှုန်းကလည်း ကောင်းမွန်လာကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အဲဗာတန်နည်းပြ လမ်းပတ် က မန်ယူမှာ ပွဲကစားခွင့်မရတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ် ကို ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သက်ပြီး “ကျွန်တော့် အနေနဲ့ ဗန်ဒီဘိခ်နဲ့ စကားပြောဖြစ်ခဲ့ပြီး သူက အရည်အသွေးရှိတဲ့ကစားသမားပါ။ တစ်ခါတစ်လေမှာ သက်သေပြဖို့လိုနေတဲ့ ကစားသမားတွေကို ခေါ်လိုက်တာ ကောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။

မန်ယူ နည်းပြရန်နစ်က လူငယ်ကြယ်ပွင့် မတ်ချ်ဘီ ဟာ မစ်ဒယ်ဘရော့နဲ့ယှဉ်ပြိုင်မဲ့ အက်ဖ်အေဖလားပွဲစဉ်လူစာရင်းမှာ ပါဝင်မယ်လို့ အသိပေးလိုက်ပါတယ်။ မတ်ချ်ဘီ ဟာ မန်ယူနဲ့ ပုံမှန်လေ့ကျင့်ခန်းဆင်းနေပြီး အသင်းရဲ့လူစာရင်းမှာ ပုံမှန် ပါဝင်လာမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အပြောင်းအရွှေ့ကိစ္စတွေကြောင့် လင်ဂတ်က သူ့စိတ်ကို အနားပေးဖို့ နားရက်တောင်းဆိုခဲ့ကြောင်း နည်းပြ ရန်နစ်ရဲ့ပြောဆိုချက်ကို လင်ဂတ်က လူမှုကွန်ရက်ကနေပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
လင်ဂတ်က သူ့ကိုပုဂ္ဂိုလ်ရေး အကြောင်းပြချက်တွေကြောင့် အနားယူဖို့ အသင်းဘက်က အကြံပေးခဲ့ကြောင်း၊ ဒါပေမဲ့ သူ့ရဲ့စိတ်ထဲမှာ အရာအားလုံး ရှင်းလင်းကြောင်း၊ သူ့အနေနဲ့ အသင်းကခေါ်တဲ့အချိန်တိုင်း ပရော်ဖက်ရှင်နယ် ဆန်မှာ ဖြစ်ကြောင်း တုန့်ပြန်စကား ဆိုခဲ့တာပါ။