ဟာဇက်က ပရီးမီးယားလိဂ်မှာ အောင်မြင်ပြီး ရီးရဲလ်မှာ ဘာလို့ ဂျင်းကစားသမား ဖြစ်နေရလဲ

စတန်းဖို့ဒ်ဘရစ်ခ်ျ သူရဲကောင်း အီဒင် ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်မှာ ဘာကြောင့် ရုန်းကန်ရသလဲ ဆိုတဲ့ အကြောင်းကို ချယ်ဆီး အငှားကစားသမား ဆာအူးလ်နီးဂွက်က ရှင်းပြခဲ့ပါတယ်။

ဟာဇက်ဟာ အနောက်လန်ဒန်မှာ ၇ နှစ်အတွင်း ပရီးမီးယားလိဂ် ဖလား ၂ လုံး၊ ယူရိုပါလိဂ်ဖလား ၂ လုံးနဲ့ အက်ဖ်အေဖလား အောင်မြင်အောင် ကူညီပေးခဲ့တာပါ။

ချယ်ဆီးအတွက် ၃၅၂ ပွဲမှာ ၁၁၀ ဂိုး သွင်းယူခဲ့တဲ့ ဟာဇက်ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ပရိသတ်တွေရဲ့ အချစ်တော်အဖြစ် သူ့ကိုယ်သူ တည်ဆောက်ခဲ့ပြီးနောက် ပေါင်သန်း ၁၀၀ ကျော်တန်တဲ့ စာချုပ်နဲ့ ရီးရဲလ်မက်ဒရစ်ထံ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့တာပါ။

၂၀၁၉ မှာ စပိန်မြို့တော်ဆီ ဟာဇက် ရောက်ရှိခဲ့တဲ့အချိန်မှာ သူ့အပေါ် အများကြီး မျှော်လင့်ခဲ့ကြပေမယ့် မျှော်လင့်ထားသလို အောင်မြင်အောင်လုပ်ပြဖို့ ကျရှုံးခဲ့ပြီး ဆက်တိုက်ကျဆင်းခဲ့သလို ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ၆ ဂိုးသာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ချန်ပီယံ အက်သလက်တီကို မက်ဒရစ်ကနေ လက်ရှိမှာ အငှား လာရောက် ကစားနေတဲ့ ချယ်ဆီးကွင်းလယ်လူ နီဂွက်ဟာ အင်္ဂလန်နဲ့ စပိန်ဘောလုံးလောကကြား ကွာခြားချက်ကို ထောက်ပြခဲ့ပြီး အဲ့ဒါကြောင့်ပဲ ဟာဇက် ရုန်းကန်နေရတာဖြစ်တယ်လို့ ထင်မြင်နေပါတယ်။

ပရီးမီးယားလိဂ်နဲ့ လာလီဂါကြား ကွာခြားချက်တွေအကြောင်း မေးမြန်းခဲ့ရာ နီဂွက်က “လုံးဝ ကွဲပြားတယ်။ အဲ့ဒီ့မှာ အများကြီး ပိုပြီး နည်းဗျူဟာကျကျကစားရတယ်။ ဒီမှာကျတော့ ရုပ်ပိုင်းဆိုင်ရာ ပိုအားသာပြီး ပိုပြင်းထန်တယ်။ ပွဲကို ထိန်းချုပ်တာ နည်းပါပြီး ပရိသတ်တွေကို ဖျော်ဖြေမှု ပိုပေးတယ်။

လာလီဂါမှာ မင်းမလုပ်နိုင်တဲ့ အရာတွေကို ဒီမှာ လုပ်နိုင်တယ်။ ဥပမာ ကျွန်တော် ဟိုနေ့ကတောင် ဟာဇက်အကြောင်း သူငယ်ချင်းတွေကို ပြောဖြစ်ခဲ့သေးတယ်။ သူ ဒီမှာ ကစားခဲ့တုန်းက သူဟာ လွယ်လွယ်ကူကူနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်။ အဲ့ဒီ့နောက် လာလီဂါကိုရောက်သွားတော့ အခက်အခဲတွေကြုံရတယ်။ ဘာလို့လဲဆိုတော့ လာလီဂါက ကစားပုံက လုံးဝကို ကွဲပြားတယ်။

ဒီမှာတုန်းက သူဟာ တစ်ယောက်တစ်ယောက်ချင်း၊ တစ်ယောက်နှစ်ယောက်ချင်း ရင်ဆိုင်ရတာ ပိုများခဲ့တယ်။ ဒါပေမယ့် လာလီဂါမှာကျတော့ သူ့အသင်းက ဘယ်လောက်ကောင်းတယ်၊ သူက ဘယ်လောက်ကောင်းတယ်ဆိုတာ လူတိုင်းက သိတာကြောင့် တခြားအသင်းတွေက သူ့အတွက် အများကြီးပိုခက်ခဲအောင် လုပ်ကြတယ်။

ဒီမှာကျတော့ ပြောင်းပြန်ပေါ့။ ဒါမေပယ့် ပရီးမီးယားလိဂ်ကနေ လာလီဂါကို ပြောင်းတာထက် လာလီဂါကနေ ပရီးမီးယားလိဂ်ကို ပြောင်းလာပြီး အသားကျအောင် လုပ်ရတာ နည်းနည်ပိုလွယ်တယ်လို့ ထင်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။