ရာသီကုန်ရင် အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရမယ်လို့ အာတီတာ ဆို
ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလက အာဆင်နယ်အတွက် စိတ်ပျက်စရာကောင်းခဲ့ပါတယ်။
ဂန်းနားတွေဟာ ကစားသမားများစွာကို ပထုတ်နိုင်ခဲ့ပြီး မိတ်လန်နိုင်းစ်၊ ပက်ဘလိုမာရီနဲ့ ဘာလိုဂန်းတို့က အငှားထွက်သွားခဲ့ကြသလို ကလန်ချိန်ဘားစ်၊ ကိုလာဆီနက်နဲ့ အူဘာမီယန်းတို့က အပြီးသတ် ပြောင်းရွှေ့သွားခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကစားသမား အဝင်ကိစ္စတွေမှာတော့ ပရိသတ်တွေကို စိတ်ပျက်စရာ အကောင်းဆုံး ဖြစ်စေခဲ့ပါတယ်။ ဒူဆန်ဗလာဟိုဗစ်၊ အလက်ဇန္ဒါး အိုင်ဆက်၊ အာသာနဲ့ တခြားကစားသမား များစွာတို့ကို ချိတ်ဆက်ခဲ့ပေမယ့် တရားဝင် ခေါ်ယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားက အော်စတန်ဖြစ်ပြီး အမေရိက ဗဟိုနောက်ခံလူကို ချက်ချင်း အငှားပြန်ချထားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ရှိတဲ့လူအင်အားနဲ့ပဲ ရာသီနှောင်းပိုင်းကာလတွေကို ဖြတ်ကျော်ရမှာဖြစ်ပေမယ့် အာတီတာကတော့ သူ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် တွန်းအားပေးနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

“ ကျွန်တော်တို့က စိတ်အားထက်သန်မှုနဲ့ တက်ကြွဖျတ်လတ်မှု အပြည့်ရှိတဲ့ အသင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ အရည်အချင်းနဲ့ စိတ်အားထက်သန်မှု ပမာဏကိုရဖို့ ဆိုတာက အရမ်းလိုအပ်တယ်လို့ ထင်မိတယ်။ ကျွန်တော်တို့တွေ ဒုတိယရာသီဝက်အတွက် တကယ် မျှော်လင့်နေပါတယ်။
ရာသီကုန်အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာ သိပါတယ်။ ကျွန်တော်တို့ ရောက်ချင်တဲ့နေရာက မြင့်မားပေမယ့် ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့တွေ အဲ့ဒီ့ရည်မှန်းချက်ကို အောင်မြင်ဖို့ ဒုတိယရာသီဝက်မှာ ကောင်းကောင်း ကြိုးစားသွားမှာပါ”လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ ယူနိုက်တက်၊ ဝက်စ်ဟမ်းနဲ့ စပါးတို့လို အသင်းတွေဆီကနေ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ကြုံနေရတာနဲ့အတူ ထိပ်ဆုံးလေးနေရာရဖို့က ခက်ခဲမှာပါ။ ဒါပေမယ့် အာဆင်နယ်ရဲ့ လူငယ်ကစားသမားတွေဟာ ကလပ်ရဲ့ ရည်မှန်းချက် ပြည့်ဝနိုင်ရေး စွမ်းဆောင်နိုင်ကြမယ်လို့ အာတီတာက ထင်မြင်နေဆဲ ဖြစ်ပါတယ်။
“ ကျွန်တော် အရမ်းယုံကြည်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ဒါကို ဘယ်လောက် လိုချင်တယ်ဆိုတာ ကျွန်တော်သိတယ်။ တခါတလေ အမှတ်တွေ ဆုံးရှုံးခဲ့ပေမယ့် တချိန်ထဲမှာ တချို့ပွဲတွေကို အနိုင်ရခဲ့ပါတယ်။ ဒါက ကျွန်တော်တို့မှာရှိတဲ့ စိတ်အားထက်သန်မှုနဲ့ လူငယ်ကစားသမားတွေ ယူဆောင်လာပေးခဲ့တဲ့ အင်အားကြောင့်ပါပဲ ” လို့ ဂန်းနားနည်းပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။