ဘန်လေနဲ့ ပွဲ ပြန်မယ့် ကာဗာနီ၊ လင်ဂတ်၊ ဗာရာနီတို့နဲ့ ယနေ့ည နောက်ဆုံးရ မန်ယူ သတင်းများ
မန်ယူ တိုက်စစ်မှူး ကာဗာနီ ဟာ လာမဲ့ နွေ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စီစဉ်လျက်ရှိနေကြောင်း စပိန် AS က ဖော်ပြထားပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ရန်နစ်ကတော့ မစ်ဒယ်ဘရော့နဲ့ပွဲမှာ လူစားလဲခံခဲ့ရတဲ့ ဗာရိန်း အနေနဲ့ ဘန်လေနဲ့ပွဲမှာ ပြန် ပါဝင်နိုင်မှာဖြစ်တဲ့ အပြင် လင်ဂတ်နဲ့ ကာဗာနီတို့ကိုလည်း ပြန်လည် ပါဝင်နိုင်မှာ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ တဲလက်စ်နဲ့ ကွင်းလယ်လူ ဖရက်ဒ်တို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘန်လေနဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ တဲလက်စ်အနေနဲ့ ဆောက်သမ်တန်နဲ့ ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ ရှိနေပြီး ဖရက်ဒ်ကတော့ ဆောက်သမ်တန်နဲ့ ပွဲအထိ လွဲချော်ဖွယ် ရှိနေပါတယ်။
အာဆင်နယ် ကစားသမားဟောင်း မာတင်ကီအွန်က မန်ယူအသင်းဟာ နော်တင်ဟမ်ဖောရက်စ်ကို အငှား ချထားတဲ့ လူငယ်ကြယ်ပွင့် ဂျိမ်းစ်ဂါနာကို ပြန်ခေါ်သင့်ကြောင်း၊ ဂါနာ နော်တင်ဟမ်မှာ ကစားနေတဲ့ခြေစွမ်းအရ အိုးထရက်ဖု့ိဒ်မှာ ကစားခွင့် ရဖို့ ထိုက်တန်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
တိုက်စစ်မူှး ဂရင်းဝုဒ်ကို အသင်းကနေ ပစ်ထုတ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မန်ယူ ကစားသမားတွေကြား သဘောထား ကွဲလွဲနေကြောင်း သိရပါတယ်။ ဂရင်းဝုဒ်ဟာ လက်ရှိ အချိန်မှာ သူ့ရည်းစားဟောင်းကို မဖွယ်မရာ ပြုကျင့်မှုနဲ့ တရားစွဲ ခံထားရပြီး မန်ယူကစားသမားတချို့ ဂရင်းဝုဒ် အပြစ် ရှိကြောင်း သက်သေမပြနိုင်ခင်အထိ သူ့ကိုအသင်းမှာ ဆက်လက် ရှိစေလိုနေတာပါ။

မန်ယူနည်းပြ ရန်နစ်က မန်ယူကစားသမားတွေအနေနဲ့ ဆိုရှယ်မီဒီယာတွေထက်မှ လျှောက်ရေးမဲ့အစား တစ်ခုခု အဆင် မပြေတာရှိရင် မိမိကို တိုက်ရိုက်လာပြောသင့်ကြောင်း၊ မိမိနဲ့ မန်ယူကစားသမားတွေဟာ မျိုးဆက်ခြားနားကြောင်း၊ မိမိအနေနဲ့ ဆိုရှယ်မီဒီယာထက်က ရေးတာတွေကို ဖတ်လေ့မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဆွစ်ဇာလန်ကွင်းလယ်လူ ဇာကာရီယာက သူ့အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်ယူကို ကျော်လွန်ပြီး ဂျူဗင်တပ်ကို ရွေးချယ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဂျူဗင်တပ်ဟာ သူ့ကိုခေါ်ယူဖို့ ပိုမိုလိုလားခဲ့ကြောင်း၊ တခြားအသင်းတွေ ကလည်း ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ဂျူဗင်တပ်က ပိုမိုလိုလိုလားလား ရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။