ဖုန်းနဲ့ ညွှန်ကြားနေတဲ့ တူချယ်၊ လူကာကူ အား ချီးကျူးမှု၊ စာချုပ်သစ် ရတော့မယ့် ရူဒီဂါနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

အယ်ဟီလာနဲ့ ပွဲစဉ်ကို ကွင်းအတွင်း ကြီးကြပ်ခဲ့တဲ့ ချဲလ်ဆီးလက်ထောက်နည်းပြက ပထမပိုင်းအပြီးမှာ နည်းပြတူချယ်က ဖုန်းဆက်ပြီး ဘာတွေညွှန်ကြားခဲ့သလဲ ဆိုတာ ဖွင့်ဟခဲ့ပါတယ်။ သူတို့အသင်းဟာ ဘောလုံး လွယ်လွယ်ကူကူ ဆုံးရှုံး ခဲ့ကြောင်း၊ ဒါကြောင့် တူချယ်က တည်တည်ငြိမ်ငြိမ်နဲ့ ရစ်သမ်မိမိ ကစားဖို့ ညွှန်ကြားခဲ့ကြောင်း၊ အရမ်းကြပ်တဲ့ အခြေအနေမျိုးမှာ ဘောလုံးမကိုင်ထားဖို့ ညွှန်ကြားခဲေ့ကြာင်းလက်ထောက်နည်းပြက ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး လက်ထောက် နည်းပြ ဇော့လို က လူကာကူရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ” ရိုမီလူ ဂိုးပြန်သွင်းနိုင်ခဲ့လို့ အားလုံး ပျော်ရွှင်နေကြပါတယ်။ သူဟာ နောက်ဆုံး ကစားခဲ့ရတဲ့ ပွဲတွေရော ဒီနေ့ပွဲမှာပါ ပြင်းပြင်းထန်ထန် ကြိုးစား တိုက်ပွဲဝင်ခဲ့တာပါ။ ” လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီး ဟာ နောက်ခံလူ အန်တိုနီယို ရူဒီဂါ ရဲ့ စာချုပ်သစ် အတွက် လုပ်ခ လစာကို တိုးမြှင့် ကမ်းလှမ်း လိုက်ပြီး ဒီတကြိမ် ပမာဏ ဟာ ရူဒီဂါ ဆန္ဒ ရှိနေတဲ့ တပတ် ပေါင် ၂ သိန်း နဲ့ နီးကပ်နေပြီလို့ သိရပါတယ်။

ချဲလ်ဆီးအနေနဲ့ ဘရိုက်တန် ဘယ်နောက်ခံလူ ကူကူရယ်လာကို ပစ်မှတ်ထားလျက်ရှိနေကြောင်း သတင်းထွက် နေပါတယ်။ ချဲလ်ဆီးအနေနဲ့ ဘယ်နောက်ခံလူပြဿနာကို ကြုံတွေ့နေရပြီးလာမဲ့နွေရာသီမှာ နောက်တန်းကို ဦးစားပေး အားဖြည့်သွားမှာပါ။

ချဲလ်ဆီးနောက်ခံလူ အက်ပီကျူတာအနေနဲ့ ဘာစီလိုနာထံကနေ တရားဝင်ကမ်းလှမ်းမှု လက်ခံရရှိထားကြောင်း သိရပါတယ်။ အက်ပီကျူတာဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းကနေ အလွတ်နဲ့ ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ အိုကိုချာက ချဲလ်ဆီးဂိုးသမားမန်ဒီဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဖြစ်ကြောင်း၊ ကီပါဟာ အာဖရိကဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်သူဖြစ်ပြီး ပြိုင်ပွဲအတွင်း ကာကွယ်မှုများစွာကို ပြုလုပ်နိုင်ခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း ဂလင်းဂျွန်ဆင်က သူ့အသင်းဟောင်းအနေနဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ တီမိုဝါနာနဲ့ ပူလီဆစ်တို့ကို ရောင်းချလိုက်သင့်ကြောင်း၊ သူတို့နှစ်ယောက်ဟာ လက်ရှိမှာ အသင်းအတွက် အားကိုးမရကြောင်း မှတ်ချက်ပြု တိုက်တွန်းခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ဇီးယက်ချ်က အသင်းဖော် တိုက်စစ်မှုး လူကာကူအပေါ် ဝေဖန်မှုတွေကို ကာကွယ်ခဲ့ပြီး လူကာကူရဲ့အရည်အသွေးကို မေးခွန်းထုတ်စရာ မလိုကြောင်း၊ လူကာကူဟာ ဒဏ်ရာပြဿနာကြုံခဲ့ရပြီး ကိုဗစ်လည်း ကူးစက်ခဲ့ကြောင်း၊ အချိန်က စကားပြောသွားမှာဖြစ်ပြီး လူကာကူဟာ အလွန်ကြိုးစားသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။