ချန်ပီယံလိဂ် ကစားဖူးချင်တဲ့ ဆာကာ၊ အသင်းခေါင်းဆောင် ဖြစ်လာနိုင်သူများနဲ့ ယနေ့ည အာဆင်နယ် သတင်းများ
အာဆင်နယ်ကွင်းလယ်လူ အယ်လ်နီနီက သူ့အနေနဲ့ အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့ ကြိုးပမ်းမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အသင်းဖော်တွေနဲ့ သူ့အကြား ကွာခြားချက် ကြီးမားလွန်းနေတဲ့အခါ အာဆင်နယ်ကနေ ထွက်ခွာသွားမှာ ဖြစ်ကြောင်း၊ သူ့အနေနဲ့ ခေါင်းမာနေမှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ် လူငယ်ကြယ်ပွင့် ဆာကာကတော့ ချန်ပီယံလိဂ်က အထူးစပါယ်ရှယ် ညတွေကို ဖန်တီးပေးနိုင်ပြီး သူလည်း အဲဒီလိုပွဲတွေ ကစားချင်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ အာဆင်နယ်ဟာ ၂၀၁၆ တည်းက စလို့ ချန်ပီယံလိဂ်နဲ့ ဝေးကွာနေခဲ့တာပါ။

နောက်ခံလူ မာရီက အာဆင်နယ်ကနေ ထွက်ခွာခဲ့ခြင်းနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အာဆင်နယ်မှာ ကံမကောင်းခဲ့ခြင်း သာဖြစ်ပြီး ကွင်းထဲမှာတော့ ခြေစွမ်းကောင်းကို ပြသနိုင်ကြောင်း အာတီတာက သူကြုံဖူးသမျှ နည်းပြတွေထဲမှာ အကောင်းဆုံးတွေထဲကတစ်ယောက်ဖြစ်ပြီး အာဆင်နယ်မှာလည်း သူ့ကိုများစွာကူညီပေးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
နည်းပြ အာတီတာက တိုက်စစ်မူှး လာကာဇက် ကို အာဆင်နယ် အသင်းခေါင်းဆောင် အဖြစ် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ လာကာဇက် ကတော့ သူ့ရဲ့အသင်းခေါင်းဆောင် လက်ပတ် ရာထူးကို ဆက်ခံနိုင်တဲ့ ကစားသမားတွေ ရှိနေကြောင်း မှတ်ချက်ပြုသုံးသပ်ခဲ့ပါတယ်။
“အသင်းမှာ အနာဂတ် အသင်းခေါင်းဆောင်တချို့ရှိနေပါတယ်။ ဂါဘရီရယ်က ဦးဆောင်နိုင်မှုမြင့်မားပြီး ဘန်ဝှိုက် ကလည်း ခေါင်းဆေကာင်ကောင်းတစ်ဦးပါ။ လိုကွန်ဂါကလည်း အရင်တုန်းက အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ဖူးပါတယ်။ တီယာနေး ကလည်း လက်ရွေးစင်အတွက် တချို့ပွဲတွေမှာ အသင်းခေါင်းဆောင် ဖြစ်ဖူးပါတယ်”လို့ လာကာဇက်က ဆိုခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အိုဆာဆူနာကွင်းလယ်လူ ဂျွန်မွန်ကာယိုလာကို ခေါ်ယူဖို့ မျက်စီကျနေတယ်လို့ Todo Fichajes က ဖော်ပြထားပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ အိုဆာဆူနာအတွက ်ခြေစွမ်းပြကစားထားပြီး အယ်လ်နီနီ၊ ဂျာကာတို့ရဲ့ အနာဂတ် မသေချာဖြစ်နေချိန်မှာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အာတီတာက မျက်စီကျနေတာပါ။ အဆိုပါ ၂၃ နှစ်အရွယ် ကစားသမားကို ခေါ်လိုရင်တော့ ယူရို ၂၂ သန်း ကုန်ကျမှာ ဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ ဂျူဗင်တပ်တိုက်စစ်မူှး မိုရာတာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း သိရပါတယ်။ ဂျူဗင်တပ် အနေနဲ့ ဗလာဟိုဗစ်ကိုခေါ်ယူပြီးနောက် မိုရာတာကိုအပြီးသတ်ခေါ်ယူဖွယ် မရှိဖြစ်နေပြီး အဆိုပါ အခွင့်အရေးကို အာဆင်နယ်က အသုံးချလိုနေတာပါ။ အာဆင်နယ်အနေနဲ့ လာမဲ့နွေရာသီမှာ တိုက်စစ်ပိုင်းကို အဓိက အားဖြည့်သွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဘုတ်အဖွဲ့အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် လူငယ်ကြယ်ပွင့်ဆာကာကို လက်လွှတ်လိုက်ရမှာ စိုးရိမ်နေကြောင်း သိရပါတယ်။ လက်ရှိမှာ ဆာကာကိုပရီးမီးယားလိဂ် အင်အားကြီးနှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီး တို့က ပစ်မှတ်ထားနေကြပြီး ဆာကာရဲ့ အနာဂတ်က နွေရာသီမှာ ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားပါ။

အာဆင်နယ်ကစားသမားဟောင်းဝင်တာဘန်းက အာဆင်နယ်အနေနဲ့ တကယ်လို့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ဘူးဆိုရင် အူဘာမီယန်ကို ထွက်ခွာခွင့်ပြုခဲ့တာ နောင်တရနေမှာဖြစ်ကြောင်း၊ အာဆင်နယ်အနေနဲ့အူဘာမီယန်ကို စွန့်လွှတ်ခဲ့တာ လွယ်ကူခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက နွေရာသီမှာ လူမဝယ်ခဲ့တဲ့ကိစ္စကို ကာကွယ်ခဲ့ပြီး အသင်းက အကောင်းဆုံး အရာတွေကို လုပ်ဆောင်နေတယ်လို့ ယုံကြည်ကြောင်း၊ အီဒူးနဲ့သူ့အဖွဲ့ဟာ အံ့ဖွယ်အလုပ်ကို လုပ်ဆောင်နေကြောင်း၊ ဒါပေမဲ့ မိမိတို့အနေနဲ့ အကောင်းဆုံး ကစားသမားတွေကိုသာ ခေါ်ဆောင်ချင်ပြီး ကွဲပြားတဲ့ ဖိအားတွေလည်း ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။