ဗိုလ်လုပွဲပြိုင်ဘက်အကြောင်း သတိပေးတဲ့ သီယေဂို၊ ပြန်လာချင်တဲ့ ဟာဇက်နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ချဲလ်ဆီးကစားသမားဟောင်း ဂလင်းဂျွန်ဆင်က သူ့အနေနဲ့လာမဲ့ရာသီမှာ ချဲလ်ဆီးနည်းပြအဖြစ် တူချယ်ကိုသာ ဆက်လက် မြင်တွေ့လိုကြောင်း၊ ဒါပေမဲ့ ချဲလ်ဆီးနည်းပြထိုင်ခုံဟာ ကမ္ဘာပေါ်မှာ အပူဆုံးဖြစ်ကြောင်း၊ ချဲလ်ဆီးအနေနဲ့ တူချယ်ကို ထုတ်ပယ်လိုက်ရင် ရူးနှမ်းရာကျမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရီးရဲမက်ဒရစ် တိုက်စစ်ကစားသမား ဟာဇက်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှု ၃ ခုကို ငြင်းပယ်ခဲ့ပြီး အသင်းဟောင်း ချဲလ်ဆီးကိုသာ ပြန်ဖို့ ဆန္ဒရှိနေကြောင်းသိရပါတယ်။ဟာဇက်အနေနဲ့ ဂျူဗင်တပ်၊ အင်တာမီလန်နဲ့ နယူးကာဆယ်တို့ရဲ့ ကမ်းလှမ်းမှုတွေကိုပယ်ချခဲ့ပြီး ချဲလ်ဆီးကိုသာ ပြန်လိုနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးလက်ထောက်နည်းပြ ဇော့လို က ကွင်းလယ်လူ ကိုဗာဆစ်ကို ချီးကျူးမှုတွေပြုလုပ်ခဲ့ပြီး ကိုဗာဆစ်ဟာ ကွင်း အတွင်းမှာ အလွန်အရေးပါတဲ့ ကစားသမားဖြစ်ကြောင်း၊ ကိုဗာဆစ်ဟာ အတွေ့အကြုံရင့်ကျက်လွန်းပြီး အသင်းဖော်တွေ အတွက် အမြဲတမ်း ပေးဆပ်ကစားသူဖြစ်ကာ သူ့ကို ပိုင်ဆိုင်ထားတဲ့အပေါ် ပျော်ရွှင်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး နောက်ခံလူ သီယာဂို ဆေးလ်ဗားက သူတို့အနေနဲ့ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမဲ့ ပါးမီးယက်နဲ့ ပတ်သက်ပြီး ပေါ့ဆလို့ မရကြောင်း၊ ၎င်းတို့ဟာ အသင်းကြီးဖြစ်ပြီး ရင်ဆိုင်ခဲ့ဖူးတာကြောင့် ဘယ်လောက် ကောင်းသလဲ ဆိုတာ သိရှိကြောင်း၊ ဗိုလ်လုပွဲမှာ ရေပန်းစားတဲ့အသင်းဆိုတာ မရှိကြောင်း အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်ကစားသမား ဇီးယက်ချ်က အသင်းဖော်တိုက်စစ်မှုး လူကာကူအပေါ် ဝေဖန်မှုတွေကို ကာကွယ်ခဲ့ပြီး လူကာကူရဲ့ အရည်အသွေးကို မေးခွန်းထုတ်စရာမလိုကြောင်း၊ လူကာကူဟာ ဒဏ်ရာပြဿနာကြုံခဲ့ရပြီး ကိုဗစ်လည်း ကူးစက်ခဲ့ကြောင်း၊ အချိန်က စကားပြောသွားမှာဖြစ်ပြီး လူကာကူဟာ အလွန်ကြိုးစားသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ပတ်နီဗင်က အယ်ဟာလီနဲ့ပွဲစဉ်မှာ ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်ရဲ့ ခြေစွမ်းက အားရစရာ မကောင်းခဲ့ကြောင်း၊ မောင့်ဟာ လျင်မြန်မှုမရှိခဲ့ဲဘဲ ရွှေ့လျားမှုတွေက ကောင်းမွန်ခဲ့ခြင်းမရှိကြောင်း မောင့်အနေနဲ့ သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေနိုင်ကြောင်း ဆိုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဘရိုက်တန်ဘယ်နောက်ခံလူ ကူကူရယ်လာကို ပစ်မှတ်ထားလျက်ရှိနေကြောင်း Goal က ဖော်ပြ ထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ဘယ်နောက်ခံလူပြဿနာကို ကြုံတွေ့နေရပြီးလာမဲ့နွေရာသီမှာ နောက်တန်းကို ဦးစားပေး အားဖြည့်သွားမှာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ သူတို့အသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းမဟုတ်ဘဲ ချန်ပီယံလိဂ်ဖလား ရယူပြီး ကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ရောက်နေတဲ့ ချဲလ်ဆီးကသာ ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။