ပိုင်ရှင် အတွက် ဖလားပါ ဆိုတဲ့ တူချယ်၊ ဟာဗက် ပင်နယ်တီ၊ မောင့် ဒဏ်ရာနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ချဲလ်ဆီးနည်းပြတူချယ်ကတော့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူပြီးနောက် ကွင်းအတွင်း အောင်ပွဲခံရာမှာ ပိုင်ရှင် အေဘရာမိုဗစ်နဲ့ ဘာပြောခဲ့သလဲလို့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။

“ဗိုလ်လုပွဲပြီးနောက် ကျွန်တော်တို့ ကွင်းထဲမှာ ခဏလောက် ဆုံခဲ့ကြပါတယ်။ ကျွန်တော်တို့နှစ်ယောက် အပြန်အလှန် ဂုဏ်ပြုစကားပြောဆိုခဲ့ကြတာပါ။ ဒီဆုဖလားက ခင်ဗျား အတွက်လို့ ကျွန်တော်ပြောခဲ့ပါတယ်”လို့ တူချယ်က ဆိုခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ မစ်ဆန်မောင့်ရဲ့ ဒဏ်ရာဟာ အနည်းငယ်စိုးရိမ်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ပါးမီးယက်စ်နဲ့ ပွဲမှာ မစ်ဆန်မောင့်ဟာ ခြေချင်းဝတ်ဒဏ်ရာကို ရရှိခဲ့ပြီး ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။ ပွဲအပြီး အောင်ပွဲခံရာမှာ မစ်ဆန်မောင့်အနေနဲ့ အနည်းငယ်မသက်သာတဲ့ပုံစံမျိုး မြင်တွေ့ခဲ့ရတာပါ။

ချဲလ်ဆီး ကစားသမားဟောင်း ဂရေမီက တိုက်စစ်မှုး လူကာကူနဲ့ ပတ်သက်ပြီး ပရိသတ်တွေအနေနဲ့ အထင်မြင် လွဲမှား နေကြကြောင်း၊ လူကာကူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်ကြာင်း အသင်းတိုင်းက သူ့ကို လိုချင်ကြကြောင်း၊ လူကာကူဟာ အကောင်းဆုံး ကြိုးပမ်းတတ်သူ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူ အလွန်ဆိုကတော့ သူ့အနေနဲ့အသင်းမှာသာ ရေရှည် ဆက်လက် နေထိုင်လိုကြောင်း ဖွင့်ဟ ခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ ချဲလ်ဆီးမှာ နောက်ထပ် ၁ နှစ်ခွဲ စာချုပ် ကျန်နေပါသေးတယ်။ ကျွန်တော့်အနေနဲ့ ချဲလ်ဆီးမှာ ပျော်ရွှင်နေပြီး လာမဲ့ပွဲစဉ်တွေ အတွက်ပဲ အာရုံစိုက်ထားပါတယ်” လို့ အလွန်ဆိုက ဖွင့်ဟခဲ့ပါတယ်။

ပါးမီးယက်စ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ပီကျူတာက အနိုင်ဂိုးအတွက် ကိုင်ဟာဗက်ဇ် သွင်းမယ့် ပင်နယ်တီနဲ့ပတ်သက်ပြီး ကိုင်ဟာဗက်ဇ်ကို ဖိအားကင်းအောင် ပြုလုပ် ကူညီ ပေးခဲ့ပါတယ်။

အက်ပီကျူတာအနေနဲ့ သူဟာ ပင်နယ်တီ ကန်မဲ့သူ ဟန်ပြုလုပ်ခဲ့ပြီး ဘောလုံးကိုယူခဲ့ပါတယ်။ ဒီအခါ ပါးမီးယက်စ် ကစားသမားတွေက အက်ပီကျူတာကို ပင်နယ်တီကန်မဲ့သူလို့ ထင်မှတ်ပြီး လှောင်ပြောင်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် တကယ်တမ်း ကန်မဲ့ ကိုင်ဟာဗက်ဇ်က ဖိအား ကင်းလွတ်ခဲ့ပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း ဂလင်းဂျွန်ဆင်က ချဲလ်ဆီး နည်းပြ ထိုင်ခုံဟာ ကမ္ဘာပေါ်မှာ အပူဆုံးဖြစ်ပေမယ့် သူ့အနေနဲ့ ချဲလ်ဆီးနည်းပြအဖြစ် တူချယ်ကိုသာ ဆက်လက် မြင်တွေ့လိုကြောင်း၊ ချဲလ်ဆီးအနေနဲ့ တူချယ်ကို ထုတ်ပယ် လိုက်ရင် ရူးနှမ်းရာ ကျမှာဖြစ်ကြောင်း သတိပေး ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း အေဘရာဟမ် က သူ့အနေနဲ့ မတူညီတဲ့ယဉ်ကျေးမှု၊ ခြားနားတဲ့ ဘာသာစကား၊ ခြားနားတဲ့ လိဂ်တွေကို စူးစမ်းလေ့လာချင်တဲ့အတွက် ချဲလ်ဆီးကနေ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ အေဘရာဟမ် အနေနဲ့ ချဲလ်ဆီးကနေ ထွက်ခွာပြီး စီးရီးအေမှာ ခြေစွမ်းပြနေပါတယ်။