လာကာဇက် ကိစ္စ သတိပေးမှုများ၊ ချန်ပီယံလိဂ် ကစားချင်တဲ့ ဆာကာနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

ဝုဖ်ဂိုးသမားဟောင်း မတ်မူရေးက အာဆင်နယ်အနေနဲ့ နယူး အင်္ဂလန်ရီဗော်လူးရင်း ဂိုးသမား တာနာကို ခေါ်ယူခဲ့ပြီး နောက် လာမဲ့နွေရာသီမှာ လီနိုကို ရောင်းထုတ်တော့မှာဖြစ်ကြောင်း၊ လီနိုဟာ အာဆင်နယ်ကို ဈေးကွက်အတွင်း လှုပ်ရှားဖို့ ပြောင်းရွှေ့ကြေး တချို့ ရရှိစေမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က တိုက်စစ်မှူး လာကာဇက်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ် ခဲ့တဲ့ အာတီတာရဲ့လုပ်ရပ်ကို သဘောမတူ ဖြစ်နေပါတယ်။ လာကာဇက်အစား တီယာနေးကိုသာ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်သင့်ကြောင်း၊ တီယာနေးဟာ အသင်းမှာ ရေရှည်ဆက်ရှိသင့်တဲ့ ကစားသမား ဖြစ်ကြောင်း ပေါလ်မာဆင် က ဆိုခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ဝုဖ်ကို အနိုင် ရရှိခဲ့တဲ့ပွဲစဉ်က နောက်ခံလူ ဟိုလ်ဒင်းရဲ့စွမ်းရည်ကို ချီးကျူးခဲ့ပါတယ်။ ဝုဖ်နဲ့ပွဲမှာ ဟိုလ်ဒင်းဟာ ချီးကျူးမှုများစွာ ခံထိုက်သူဖြစ်ကြောင်း၊ အာဆင်နယ်ဟာ အသင်းကို အထောက်အကူ ပြုခဲ့ကြောင်း၊ နိုင်ပွဲအတွက် ဟိုလ်ဒင်းကိုေ ကျးဇူးတင်မိကြောင်း အာတီတာက ဖွင့်ဟခဲ့ပါတယ်။

လက်စတာကွင်းလယ်လူ တိုင်လီမန့်စ်ကိုခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့အပြိုင်ဖြစ်နေပါတယ်။ ၂၄ နှစ်အရွယ် ကစားသမားဟာ လာမဲ့နွေရာသီမှာ လက်စတာကနေထွက်ခွာဖို့ နီးစပ်နေပြီး လက်စတာကသူ့တွက် ပေါင် ၃၅ သန်း သာ အလိုရှိတော့တာပါ။

အာဆင်နယ် တိုက်စစ် ကစား သမား ဆာကာက သူ့အနေနဲ့ ချန်ပီယံလိဂ်မှာ ကစားခွင့်ရဖို့အတွက် အိပ်မက် မက် ထားကြောင်း၊ ချန်ပီယံလိဂ်ဟာ ထူးခြားတဲ့ညတွေကို ဖန်တီးပေးနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာ အာဆင်နယ် အနေနဲ့ ဆာကာကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ကြိုးပမ်းလျက်ရှိနေပြီး သူ့ကို မန်စီးတီး၊ လီဗာပူးတို့က ပစ်မှတ် ထားနေတာပါ။

စပါးတိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က အာဆင်နယ်အနေနဲ့ တိုက်စစ်မှုး လာကာဇက်ကို စာချုပ် သက်တမ်း တိုးမြှင့် ချုပ်ဆို သင့်ကြောင်း၊ အာဆင်နယ်အနေနဲ့ Plan B မရှိဘဲနဲ့ လာကာဇက်ကို လက်မလွှတ် သင့်ကြောင်း၊ အာဆင်နယ် အနေနဲ့ လာကာဇက်နဲ့ ပတ်သက်ပြီး အမှား မကျူးလွန်သင့်ကြောင်း သတိပေးခဲ့ပါတယ်။

ဝုဖ်အသင်းခေါင်းဆောင် ကော်နာ ကုတ်ဒီနဲ့ ကွင်းလယ်သမား နီဗက်စ် တို့က သူတို့ကို အနိုင်ယူပြီးနောက် အကြီးအကျယ် အောင်ပွဲခံခဲ့တဲ့ အာဆင်နယ် ရဲ့ အောင်ပွဲခံမှုကို ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက နွေရာသီမှာ လူမဝယ်ခဲ့တဲ့ကိစ္စကို ကာကွယ်ခဲ့ပြီး မိမိတို့အနေနဲ့ အကောင်းဆုံး အရာတွေကို လုပ်ဆောင်နေတယ်လို့ ယုံကြည်ကြောင်း၊ အီဒူးနဲ့သူ့အဖွဲ့ဟာ အံ့ဖွယ်အလုပ်ကိုလုပ်ဆောင်နေကြောင်း၊ ဒါပေမဲ့ မိမိတို့အနေနဲ့ အကောင်းဆုံး ကစားသမားတွေကိုသာ ခေါ်ဆောင်ချင်ပြီး ကွဲပြားတဲ့ ဖိအားတွေလည်းရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။