နွေ တိုက်စစ် ပစ်မှတ်များ၊ ချန်ပီယံလိဂ် ဝင်ခွင့် အရေးသာလာတဲ့ ဂန်းနားများနဲ့ အာဆင်နယ် သတင်းများ
အာဆင်နယ် အနေနဲ့ လာမဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဆောက်သမ်တန်မှာ အငှား လာကစားနေတဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဘရိုဂျာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။ အာဆင်နယ်ဟာ လာကာဇက်၊ အန်တီတက်ချ်တို့ရဲ့ အနာဂတ် မရေရာတဲ့ အနေအထားကြောင့် လာမဲ့နွေမှာ တိုက်စစ်ပိုင်းကို ဦးစားပေး အားဖြည့်သွားမှာပါ။
အာဆင်နယ်ရဲ့ နွေပစ်မှတ်ထဲမှာ ရီးရဲလ် ဆိုဆီဒက် တိုက်စစ်မှုး အိုင်ဆက်နဲ့ အဲဗာတန်မှ ကဲဗတ် လီဝင်တို့လည်း ပါဝင်နေပါသေးတယ်။ အိုင်ဆက်က အာဆင်နယ် ချန်ပီယံလိဂ် ဝင်ခွင့် ရမှသာ ပြောင်းရွှေ့လာလိုနေပါတယ်။

အာဆင်နယ် ကစားသမားဟောင်း မာတင်ကီအွန်က သူ့အနေနဲ့ အူဘာမီယန် ထွက်ခွာသွားပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်း အခြေအနေကို စိုးရိမ်မိကြောင်း၊ အာဆင်နယ်ဟာ အူဘာမီယန် ထွက်သွားပြီး တည်းက ဂိုးသွင်း အားနည်းလာခဲ့ကြောင်း၊ အူဘာမီယန်အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ အထောက်အကူ ဖြစ်စေနေသလားဆိုတာ တွေးဆ မိကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဆိုစီဒက် တိုက်စစ်မှူး အိုင်ဆစ်ကို ဘာစီလိုနာကလည်း ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမဲ့နွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူသွားဖို့ရှိနေပြီး အိုင်ဆစ်ကို ပြီးခဲ့တဲ့ နွေရာသီကတည်းက ကာလရှည် ပစ်မှတ်ထားခဲ့တာပါ။
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါက ပြိုင်ဘက်အသင်းတွေ ခြေချော်ခဲ့ပြီးနောက် အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ဖို့ အလေးသာနေပြီဖြစ်ကြောင်း၊ ဝုဖ်ကို အဝေးကွင်းမှာ အနိုင်ရပြီးနောက် ချန်ပီယံလိဂ် ဝင်ခွင့်ဟာ အာဆင်နယ်လက်ထဲမှာ ရှိနေခဲ့ပြီဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

လက်စတာနည်းပြ ရော်ဂျာက အာဆင်နယ်နဲ့ သတင်းတွေထွက်ပေါ်နေတဲ့ ကွင်းလယ်လူ တိုင်လီမန့်စ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သူ့ကစားသမားကိုပြိုင်ဘက်သင်းတွေက စောင့်ကြည့်နေကြကြောင်း၊ ကစားသမားအေနေနဲ့ အသင်းကနေ ထွက်ခွာပြီး တခြားအသင်းကိုပြောင်းချင်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ် ဂန္ထဝင်ဟောင်း မိုက်ကယ်သောမတ်က သူ့အသင်းဟောင်းအနေနဲ့ ဗီလာကြယ်ပွင့် ကစားသမား ဂျာကော့ ရမ်ဆေးကို ခေါ်ယူဖို့ ကြိုးပမ်းသင့်ကြောင်း၊ ဂျာကော့ရမ်ဆေးဟာ ဗီလာမှာ အနည်းဆုံး နောက်တစ်ရာသီလောက် ်ဆက်ရှိနေမှာ ဖြစ်ပေမဲ့ သူ့ကို အာဆင်နယ်မှာ တွေ့မြင်လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။
စပါးတိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က အာဆင်နယ်အနေနဲ့ တိုက်စစ်မူှးလာကာဇက်ကို စာချုပ်သက်တမ်း တိုးမြှင့် ချုပ်ဆိုသင့်ကြောင်း၊ အာဆင်နယ်အနေနဲ့ ပလန် ဘီ မရှိဘဲနဲ့ လာကာဇက်ကို လက်မလွှတ်သင့်ကြောင်း၊ အာဆင်နယ် အနေနဲ့ လာကာဇက်နဲ့ပတ်သက်ပြီး အမှားမကျူးလွန်သင့်ကြောင်း သတိပေးခဲ့ပါတယ်။