ဒီကြားရက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်တွေ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်များ

ဒီကြားရက်မှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေကို ကစား သွားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အိုဝင် က ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်တွေ အတွက် အခုလို သုံးသပ် ခန့်မှန်း ထားခဲ့ပါတယ်။

ပီအက်ဂျီ vs ရီးရဲယ်မက်ဒရစ်

ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းမယ့် ပွဲစဉ် ဖြစ်ပါတယ်။ နှစ်သင်းစလုံးမှာ အရည်အသွေးမြင့် တိုက်စစ် ကစားသမားတွေ အများအပြား ရှိနေတာကြောင့် ကျွန်တော်တို့ သွင်းဂိုးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပီအက်ဂျီဟာ ဒီရာသီမှာ သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ပြသထားနိုင်ခဲ့ခြင်း မရှိသေးပေမယ့်လည်း သူတို့မှာ အရည်အသွေးမြင့် ကစားသမားတွေ အများအပြား ရှိနေပါတယ်။ ကျွန်တော် ကတော့ ဒီပွဲမှာ အိမ်ရှင်ကို အကြိုက်တွေ့မိပါတယ်။

ကျွန်တော် ကတော့ ပီအက်ဂျီ နိုင်မယ်လို့ ခန့်မှန်းပြီး ရီးရဲယ်နဲ့ ပွဲစဉ်မှာ မက်ဆီ ဂိုးသွင်းနိုင်ခဲ့မယ် ဆိုရင်လည်း ကျွန်တော်ကတော့ အံ့အားသင့်မိမှာ မဟုတ်ပါဘူး။

ခန့်မှန်းချက် : ပီအက်ဂျီ ၂-၁ ရီးရဲယ်မက်ဒရစ်

စပို့တင်းလစ္စဘွန်း vs မန်စီးတီး

ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်တွေဟာ ဘယ်တုန်းကမှ လွယ်ကူခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီပွဲစဉ် ကတော့ မန်စီးတီး အတွက် သိပ်ပြီး အခက်အခဲ မရှိနိုင်ပါဘူး။

စပို့တင်းဟာ အသင်းကောင်း ဖြစ်ပေမယ့်လည်း မန်စီးတီးနဲ့ တွေ့ဆုံနေခြင်း ကတော့ ပေါ်တူဂီ ကလပ် အတွက် အခက်ခဲဆုံး ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတာပါပဲ။ ကျွန်တော်ကတော့ စပို့တင်းတို့ ပွဲအစကတည်းက ခံစစ်ကို အထိုင်ကျ ကစားသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် စီးတီးဟာ သူတို့အတွက် တအားကို ကောင်လွန်းနေပါလိမ့်မယ်။

ခန့်မှန်းချက် : စပို့တင်း ဝ-၂ မန်စီးတီး

ရက်ဘူးဆဲဘတ် vs ဘိုင်ယန်မြူးနစ်

ဘိုင်ယန်ဟာ ဒီရာသီမှာ ဆန်းပြားတဲ့ form ကို ပြသနေပါတယ်။ သူတို့ဟာ တစ်ချို့ ပွဲစဉ်တွေမှာ ဥရောပက ဘယ်အသင်းကို မဆို အနိုင်ယူနိုင်စွမ်း ရှိတဲ့ ကစားပုံကို ပြသနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ weekend က ဘိုခမ်ကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့သလိုမျိုး ဆန်းပြားတဲ့ ရှုံးပွဲတွေလည်း ရှိတတ်ပါတယ်။

ဆဲဘတ်ဟာ တကယ့်ကို ကစားပုံ ကောင်းမွန်တဲ့ အသင်း ဖြစ်ပြီး ဘိုင်ယန်ဘက်ကို ဂိုးသွင်းနိုင်လိမ့်မယ်လို့ ကျွန်တော် မြင်မိပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်ကပဲ အဝေးကွင်းမှာ ကပ်ပြီး အသာရသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

ခန့်မှန်းချက် : ဆဲဘတ် ၁-၂ ဘိုင်ယန်မြူးနစ်

အင်တာမီလန် vs လီဗာပူး

ဆန်စီယိုမှာ သွားကစားရခြင်းဟာ ဘယ်တော့မှ လွယ်ကူခြင်း မရှိပါဘူး။ ဒါပေမယ့် လီဗာပူးဟာ ဒီရာသီအစမှာ မီလန်ကို ဆန်စီယိုမှာ အနိုင်ယူထားခဲ့တာကြောင့် ဒီအရာဟာ သူတို့ကို အကူအညီ ဖြစ်စေနိုင်ပါတယ်။

အင်တာဟာ ပြည်တွင်းပြိုင်ပွဲမှာ ကောင်းစွာ လုပ်ပြထားခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် အုပ်စုအဆင့်မှာတော့ ရီးရဲယ်ကို ၂ ပွဲစလုံး ရှုံးထားခဲ့ပါတယ်။ ကျွန်တော်ကတော့ အင်တာဟာ လီဗာပူးရဲ့ level ကို မရောက်သေးဘူးလို့ ထင်ပါတယ်။

သူတို့အနေနဲ့ လီဗာပူးရဲ့ တန်ပြန်တိုက်စစ်တွေမှာ ရုန်းကန်ရနိုင်ပါတယ်။ ကျွန်တော်ကတော့ လီဗာပူးတို့ ဆန်စီယိုမှာ ထပ်ပြီး နိုင်သွားအုံးမယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : အင်တာမီလန် ဝ-၂ လီဗာပူး