ဟာလန်း၊ ရူဘန်နီဗက်စ်တို့ကို ပစ်မှတ်ထားခြင်း၊ ကာရေဂါ သုံးသပ်မှုနဲ့ ယနေ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ရီယို ဖာဒီနန်က မန်ယူအနေနဲ့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ ကို ထိန်းပေးမယ့် ကစားသမားတစ်ဦး ခေါ်သင့်ကြောင်း၊ သူတို့ကိုကွင်းအတွင်း ဘာလုပ်၊ ဘာလုပ်ဆိုပြီး အော်ဟစ် ညွှန်ကြားပေးနိုင်မယ့် သူမျိုးကို ခေါ်ယူသင့်ကြောင်း အကြံပြုခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက လက်ရှိရာသီမှာ မန်ချက်စတာ ယူနိုက်တက် ရုန်းကန်နေရတာနဲ့ ပတ်သက်ပြီး စီရော်နယ်ဒို တစ်ဦးတည်းကို အပြစ်တင်စရာ မလိုကြောင်း၊ စီရော်နယ်ဒိုဟာ ၃၇ နှစ်အရွယ်ရှိပြီး ဒီရာသီမှာ သူ့ရဲ့သွင်းဂိုးမှတ်တမ်းကလည်း ဆိုးရွားခြင်း မရှိကြောင်း ဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ဒေါ့မွန်တိုက်စစ်မူှး ဟာလန်းကိုခေါ်ယူနိုင်ဖို့ ကြိုးပမ်း နေကြောင်း သိရပါတယ်။ ဟာလန်းကို လာမဲ့နွေရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅ သန်းနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပြီး သူ့ကို ဥရောပထိပ်သီး အသင်း အများပြားက ခေါ်ယူလိုနေကြတာပါ။

လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက မန်ယူအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ မဖြစ်နိုင်တော့ကြောင်း၊ မန်ယူဟာ လက်ရှိမှာ ဂိုးသွင်းနိုင်ဖို့ အလွန်ခက်ခဲနေပြီး တိုက်စစ်ပိုင်းကလည်း ရုန်းကန်နေရကာ ယုံကြည်ချက် နည်းပါးလျက် ရှိနေကြောင်း သုံးသပ်ခဲ့ပါတယ်။
မန်ယူ ကစားသမားဟောင်း ပေါလ်အင့်က မန်ယူအနေနဲ့ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆိုမာကို ပစ်မှတ် ထားသင့်ကြောင်း၊ ဖရက်ဒ်ဟာ မန်ယူကွင်းလယ်ရဲ့ အဖြေမဟုတ်ကြောင်း၊ တွမ်မီနေးအနေနဲ့လည်း ဘစ်ဆိုမာနဲ့ တွဲ ကစားတာ ပိုကောင်းမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
မန်ယူနည်းပြရန်နစ်က အသင်းခေါင်းဆောင်မက်ဂွဲရားအနေနဲ့ မိမိရဲ့နောက်တန်း နည်းစနစ်ပိုင်းနဲ့ အထိုင်မကျဖြစ်နေပြီး ရုန်းကန်နေရကြောင်း ဝန်ခံခဲ့ပေမယ့် ၎င်းဟာ အသင်းခေါင်းဆောင်ဖြစ်ပြီး ပြောင်းလဲပစ်စရာ အကြောင်းပြချက် မရှိကြောင်း ဆိုခဲ့ပါတယ်။

ဂျူဗင်တပ်ကတော့ မန်ချက်စတာယူနိုက်တက်ပစ်မှတ်ထားနေတဲ့ ဝုဖ်ကွင်းလယ်လူ ရူဘင်နီဗက်စ်ကို ခေါ်ယူဖို့အပြိုင် ကြိုးပမ်းလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ မန်ယူဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့စီစဉ်နေပြီး နီဗက်စ်ကို ပစ်မှတ်ထားနေတာပါ။ အဆိုပါ ၂၄ နှစ်အရွယ်ကစားသမားအတွက် အနည်းဆုံး ပေါင်သန်း ၄၀ အသုံးပြုရမှာပါ။