စပို့တင်းကို အဝေးကွင်းမှာ ၅ဂိုးပြတ် နိုင်ပေမယ့် မန်စီးတီး ခြေစွမ်း အားမရသေးဘူး ဆိုတဲ့ ဂွာဒီယိုလာ
မန်စီးတီးဟာ ညက ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ စပို့တင်း လစ္စဘွန်း အသင်းကို အဝေးကွင်းမှာ ငါးဂိုးပြတ် အနိုင်ရပြီး နောက်တစ်ဆင့် တက်ဖို့ သေချာ သလောက် ရှိသွားခဲ့ပေမယ့် ဂွာဒီယိုလာ ကတော့ သူ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် အလုံးစုံ ကျေနပ်မှု မရှိသေးဘူးလို့ ဆိုပါတယ်။
မန်စီးတီး အသင်း ဂိုးပြတ် နိုင်ပွဲ ရယူ နိုင်ခဲ့ပေမယ့် နည်းပြ ဂွာဒီယိုလာ ကတော့ သူတို့ အသင်းဟာ ဘောလုံးတွေ အလွယ်တကူ လက်လွှတ် ဆုံးရှုံးနေခဲ့ကြောင်း ဝန်ခံ သွားခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ ဒီနေ့ ကစားပုံဟာ ပြီးပြည့်စုံမှု ရှိသလား ဆိုတဲ့ မေးခွန်းကို ဂွာဒီယိုလာ က ” မရှိပါဘူး ။ တစ်ချို့ ကစားသမားတွေက ပုံမှန် စွမ်းဆောင်ရည်အောက် ရောက်နေ ခဲ့ပါတယ်၊ ကျွန်တော်တို့ ဘောလုံးတွေ အလွယ်တကူ လက်လွှတ် ဆုံးရှုံး ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပြီး ကစားနိုင်ခဲ့ပါတယ် ။ ”
” ပွဲအစ ငါးမိနစ် ခြောက်မိနစ်မှာ စပို့တင်း အသင်း ဘယ်လောက် ကောင်းသလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ ခဲ့ရပါတယ် ။ အသင်း နှစ်သင်းကြားက ကွာခြားချက် က ၅-၀ ဆိုတဲ့ ရလဒ် မဟုတ်ပါဘူး၊ ကျွန်တော်တို့က သူတို့ထက် စိတ်အေးအေးနဲ့ ကစားနိုင်ခဲ့ပြီး အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။ ”

” ဘောလုံးမှာ စည်းမျဉ်းတစ်ခု ရှိပါတယ် ၊ ဘောလုံးရနေတဲ့ အချိန်မှာ အဆုံးရှုံး ခံလို့ မဖြစ်ပါဘူး ၊ ကျွန်တော်တို့ ရိုးရှင်းတဲ့ ပေးပို့မှုတွေတောင် ကောင်းကောင်း မလုပ်နိုင်ဘဲ ဆုံးရှုံး ခဲ့မှုတွေ ရှိပါတယ် ၊ ဥရောပ က ထိပ်တန်း အသင်းကြီးတွေနဲ့သာဆို ကျွန်တော်တို့ ဒုက္ခရောက်သွားနိုင်ပါတယ် ။ ”
” ဒီနေ့ပွဲက အံ့ဖွယ် ရလဒ် ရခဲ့တဲ့ ပွဲတစ်ပွဲမျှသာပါပဲ၊ ကွာတားဖိုင်နယ် ရောက်ဖို့ ပွဲတစ်ပွဲ ထပ်ကစားရပါဦးမယ်၊ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ပါတယ်၊ ကျွန်တော် အရမ်းပျော်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ကို နားလည်မှု မလွဲစေချင်ပါဘူး၊ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ပါသေးတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။