လီဗာပူးရဲ့ ချန်ပီယံလိဂ် နိုင်ပွဲ၊ ဒိုလေးကို ခေါ်ချင်တဲ့ မော်ရင်ညို၊ ဘောနပ်စ်မရတဲ့ ချဲလ်ဆီးနဲ့ နံနက်ခင်း သတင်းများ

ညက ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်မှာ လီဗာပူးက အင်တာမီလန်ကို ဖာမီနို၊ ဆာလာတို့ သွင်းဂိုးတွေနဲ့ အတူ ၂-၀ နဲ့ အနိုင် ရရှိကာ ကွာတား တက်ဖို့ အခြေအနေ ကောင်းတွေ ရသွားပါတယ်။

လီဗာပူးနည်းပြ ကလော့က အင်တာမီလန်နဲ့ပွဲဟာ ကြံ့ခိုင်မှုအားပြုတဲ့ ကစားပွဲဖြစ်ခဲ့ကြောင်း၊ သူတို့အသင်းဟာ အစ ကောင်းခဲ့ကြောင်း၊ သူတို့အသင်းဟာ ကစားပုံအရမ်းကြီး ကောင်းခဲ့တာမျိုး မဟုတ်ပေမဲ့ နိုင်ပွဲနဲ့တော့ ထိုက်တန်မှု ရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူတိုက်စစ်မူှး ရက်ဖို့ဒ်ကတော့ စီရော်နယ်ဒိုရဲ့ အသင်းအပေါ် လွှမ်းမိုးမှုနဲ့ပတ်သက်ပြီး သူတို့ကစားသမားတွေအကြား အဝတ်လဲခန်းအတွင်း သဘောထားကွဲလွဲမှု မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့သြဇာလွှမ်းမိုးမှု ကြီးမားမှုကို မက်ဂွဲရား၊ ရက်ဖို့ဒ်တို့ အပါအဝင် အင်္ဂလန် ကစားသမားတွေက မကျေမနပ်ဖြစ်နေကြတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။

ရော်နယ်ဒိုက တစ်ကယ်လို့ လာမယ့် နွေမှာ မန်ယူအသင်းကနေ ထွက်ခွာမယ်ဆိုရင် ရိုးမားနည်းပြဖြစ်တဲ့ မော်ရင်ညိုက ခေါ်ယူလိုတယ်လို့ သတင်း ထွက်လာပါတယ်။ ရော်နယ်ဒိုက မန်ယူ လက်ရှိ ခြေစွမ်းကို စိတ်ပျက်နေပြီး ၎င်းကို PSG နဲ့ ဘိုင်ယန်တို့လည်း စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

မန်စီးတီး အသင်းက ဘာစီလိုနာ ကွင်းလယ် ကစာသမားဖြစ်တဲ့ နီကို ဂွန်ဇာလက်စ် ကို မျက်စိကျနေတယ်လို့ မာကာက ဆိုပါတယ်။ ဒီ အသက် ၂၀ သာ ရှိသေးတဲ့ ကစားသမားကို စီးရီးအေ ကလပ် တစ်ခုက ချိန်နေ ပေမယ့်လည်း ဘာစီလိုနာ အသင်းက လက်လွှတ်ဖွယ်မရှိဘူး။

ဘာစီလိုနာနည်းပြ ဇာဗီက သူ့အနေနဲ့ ဘာစီနည်းပြဘ၀ ရက် ၁၀၀ ပြည့်မြောက်သွားတဲ့အပေါ် နှစ် ၁၀၀ ပြည့်မြောက် သလို ခံစားရကြောင်း ဆိုခဲ့ပြီး သူ့အနေနဲ့ဘာစီလိုနာကို အရင် အဆင့်အတန်းဆီ ပြန်လည် ပို့ဆောင်လိုကြောင်း၊ အဲဒီအတွက် အလုပ်များစွာ လုပ်ဆောင်ရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒီနှစ်အတွင်း ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတို့ကို ရရှိခဲ့ပေမဲ့ ချဲလ်ဆီးကစားသမားတွေအနေနဲ့ အပိုဆုကြေး ရရှိသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ချဲလ်ဆီး ကစားသမားတွေအနေနဲ့ ဘောနပ်စ်အတွက် စာချုပ်ချုပ်စဉ်မှာ ထိုဖလားနှစ်လုံးအတွက် ထည့်သွင်း ချုပ်ဆို ထားခြင်း မရှိဘဲ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ လိဂ်ဖလားတို့ ရမှသာ ဘောနပ်စ် ရရှိမှာပါ။ ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလားအတွက်ဖီဖာထံကနေ ပေါင် ၃.၆ သန်း၊ ဥရောပစူပါဖလားအတွက် ယူအီးအက်ဖ်အေထံကနေ ပေါင် ၃.၇ သန်း ရရှိခဲ့ပါတယ်။

ဟယ်ရီကိန်း က တစ်ကယ်လို့ ပိုချက်တီနိူ သာ မန်ယူ နည်းပြ ရာထူးကို လက်ခံလိုက်မယ်ဆိုရင် အိုးထရက်ဖိုဒ့်ကို ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ တယ်လီဂရပ်ဖ် သတင်းက ဆိုပါတယ်။ ကိန်းက သူ့နည်းပြ ဟောင်းဖြစ်တဲ့ ပိုချက်တီနိူနဲ့ ပြန် လက်တွဲချင်နေတာပါ။

အာဆင်နယ် အသင်းက မီလန် ကွင်းလယ် ကစားသမားဖြစ်တဲ့ လီယာအို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ ဒီ အသက် ၂၃ နှစ်သားကို ခေါ်ယူဖို့ အာဆင်နယ်က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။