အာဆင်နယ် နွေမှာ ခေါ်ဖို့ ပစ်မှတ်ထားလာတဲ့ ယူရို သန်း ၄၀ တန် အွန်နရီလက်သစ် တိုက်စစ်မှုး
အာဆင်နယ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေရာ အေစီမီလန်နဲ့အတူ တောက်ပနေတဲ့ လူငယ် တိုက်စစ်မှူး ရာဖေးလ် လီအိုက သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား စာရင်းထဲမှာ ပါဝင်နေကြောင်း သိရပါတယ်။
အာဆင်နယ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်နေပါတယ်။
ဒါကြောင့်ပဲ အာဆင်နယ်ဟာ သူတို့ရဲ့ ကင်းထောက်တွေကို ဥရောပ တလွှားဆီ စေလွှတ်ကာ ထိပ်တန်း လူငယ် တိုက်စစ်မှူး တဦးကို ခေါ်ယူရေး စီမံကိန်းကို စတင် အကောင်အထည် ဖော်ထားပြီး အွန်နရီလက်သစ်လို့ တင်စားခံထားရတဲ့ အေစီမီလန် တိုက်စစ်မှူး လီအိုက သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားတွေထဲက တဦး ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

အသက် ၂၂နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် လူငယ် တိုက်စစ်မှူး လီအိုဟာ အထောင်တိုက်စစ်မှူး အဖြစ် ကစားနိုင်ရုံသာမက လိုအပ်ရင် ဘယ်တောင်ပံနဲ့ ညာတောင်ပံကိုပါ ထွက်ကစားနိုင်သူ ဖြစ်ပြီး ကြံ့ခိုင်မှု အားကောင်းကာ လျင်မြန်တာကြောင့် ပြင်သစ် ဂန္တဝင် တိုက်စစ်မှူး အွန်နရီနဲ့ ခိုင်းနှိုင်းခံထားရသူပါ။
အာဆင်နယ်ဟာ ရာဖေးလ် လီအိုကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး လီအိုရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေကြောင်းနဲ့ အေစီမီလန်ကတော့ လီအိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေကြောင်း အီတလီသတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။
လီအိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင်လည်း အေစီမီလန်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ပြီး ပြိုင်ပွဲစုံမှာ ၂၇ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။